အမေရိကန် အမြဲတမ်းစစ်စခန်း လာရောက်အခြေစိုက်ရန် ဒေါ်လာနှစ်ဘီလျံပေးမည်ဟု ပိုလန်က ကမ်းလှမ်း

အမေရိကန် အမြဲတမ်းစစ်စခန်း လာရောက်အခြေစိုက်ရန် ဒေါ်လာနှစ်ဘီလျံပေးမည်ဟု ပိုလန်က ကမ်းလှမ်း
Published 20 September 2018

စက်တင်ဘာ ၁၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတထရန့်က ပိုလန်သမ္မတ ဒူဒါကို နှုတ်ဆက်နေစဉ် (Photo: AFP)

ရုရှား၏ ရန်လိုမှုနှင့် ရင်ဆိုင်နေရပြီး မဟာဗျူဟာအရ အရေးပါသည့် ဥရောပ အစွန်နိုင်ငံတစ်ခုဖြစ်သော ပိုလန်က ၎င်းတို့နိုင်ငံထဲ၌ အမေရိကန်တပ်ဖွဲ့များ အမြဲတမ်း လာရောက်အခြေစိုက်ရန် တောင်းဆိုထားမှုကို အလေးအနက်ထား စဉ်းစားနေသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

စစ်အခြေစိုက်စခန်း၏ စရိတ်ကို ကာမိစေရန် အမေရိကန်ကို ဒေါ်လာနှစ်ဘီလျံ ထက်မနည်းပေးမည်ဟု ပိုလန်က ကမ်းလှမ်းထားကြောင်းလည်း ထရန့်က အိမ်ဖြူတော်တွင် ပိုလန်သမ္မတ အန်ဇေ့ဒူဒါနှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ယင်းသတင်းက ပို၍ရန်လိုလာသော ရုရှားကို ဒေါသထွက်စေနိုင်သည်။

“သမ္မတဟာ ဒီလိုလုပ်ဖို့အတွက် ကျွန်တော်တို့ကို ဒေါ်လာနှစ်ဘီလျံကျော် ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါကိုစဉ်းစားမှာပါ” ဟု ထရန့်က ပြောကြားခဲ့သည်။ အမေရိကန်သည် နံပါတ်တစ်အနေဖြင့် နှစ်နိုင်ငံလုံး အတွက် စစ်ရေးအရ ကာကွယ်ပေးမှု၊ ထို့နောက် ကုန်ကျစရိတ်အစရှိသည့် ရှုထောင့်များမှနေ၍ စဉ်းစားမည်ဟု သိရသည်။

“သူတို့အနေနဲ့ ငွေပေးဖို့လိုလားတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ သေချာပေါက် ပြောမယ့်ကိစ္စပါပဲ။ ကျွန်တော်တို့ တကယ့်ကို အလေးအနက်ထားပြီးလည်း စဉ်းစားမှာဖြစ်ပါတယ်” ဟု ထရန့်က ဆိုသည်။

ရုရှားနှင့် ဆိုဗီယက်လက်အောက်တွင် ကာလရှည်ကြာစွာ နေခဲ့ရပြီးနောက် လက်ရှိတွင် နေတိုးအဖွဲ့ဝင်ဖြစ်နေပြီဖြစ်သော ပိုလန်သည် ၎င်းတို့နိုင်ငံထဲ၌ အမေရိကန် အမြဲတမ်းစစ်စခန်းတစ်ခုရှိစေရန် လိုလားကြောင်း သမ္မတ ဒူဒါက ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုစခန်းကို ‘ထရန့်ခံတပ်’ ဟု ခေါ်ဆိုနိုင်ကြောင်းလည်း ၎င်းက အရွှန်းဖောက် ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျင် မာတစ်က စစ်ရေးအသုံးစရိတ်တိုးမြှင့်လာမှုတွင် ပိုလန်၏ ဦးဆောင်မှုအတွက် ချီးမွမ်းခဲ့သည်။ သို့သော် အမေရိကန်တပ်ဖွဲ့များကို အမြဲတမ်းထားရှိရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

“မေးခွန်းထုတ်ရမှာတွေက အများကြီး။ သိတဲ့အတိုင်းပဲ ဒါဟာစစ်စခန်းတစ်ခုတည်း သက်သက်မဟုတ်ဘူး။ လေ့ကျင့်ရေးတွေ၊ စစ်စခန်းထဲက ထိန်းသိမ်းစရိတ်တွေ အပါအဝင် ဒီကိစ္စတွေအားလုံးကို ပိုလန်တွေနဲ့အတူ အသေးစိတ် လေ့လာရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး” ဟု မာတစ်က ပင်တဂွန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှား၏ စစ်ရေးချဲ့ထွင်မှုသည် အိမ်နီးချင်းဂျော်ဂျီယာနိုင်ငံထဲမှ သူပုန်ဒေသများကို သိမ်းယူရာမှ အစပြုခဲ့ကြောင်း၊ ထို့နောက်ယူကရိန်းပင်လယ်နက်ဒေသခရိုင်း မီးယားကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို အဆက်မပြတ် ချိုးဖောက်နေကြောင်း ဒူဒါက ပြောကြားခဲ့သည်။

“ဒီဒေသထဲမှာ အမေရိကန်လက်နက်ကိုင် အင်အားစုတွေ တည်ရှိရေးဟာ အလုံးစုံ တရားနည်းလမ်းကျကြောင်းကို အားပေးတဲ့ အငြင်းပွားစရာကိစ္စတွေ အများကြီး ရှိနေပါတယ်” ဟု ဒူဒါက ပြောကြားခဲ့သည်။ ဒူဒါ၏ ပြောကြားချက်ကို ထရန့်ကလည်း ထောက်ခံခဲ့သည်။

Ref: AFP

Most Read

Most Recent