ပြုံယမ်း၌ တောင်နှင့် မြောက်ကိုရီးယားတို့၏ ထိပ်သီးဆွေးနွေးပွဲစတင်

ပြုံယမ်း၌ တောင်နှင့် မြောက်ကိုရီးယားတို့၏ ထိပ်သီးဆွေးနွေးပွဲစတင်
Published 19 September 2018

စက်တင်ဘာ ၁၈ ရက်တွင် ပြုံယမ်းလေဆိပ်၌ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း(ဝဲ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ယာ)တို့က မြောက်ကိုရီးယား ပြည်သူများကို နှုတ်ဆက်နေစဉ် (Photo : AFP)

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် မြောက်ကိုရီးယားနှင့် အမေရိကန်ကြားမှ တန့်နေသည့် နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးမှုများကို ပြန်လည်အသက်ဝင်စေရန် ကြိုးပမ်းရေးအတွက် စက်တင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ ရောက်ရှိလာသည်။

ပြုံယမ်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသော မွန်းနှင့် လာရောက် ကြိုဆိုသော ကင်တို့သည် ပွေ့ဖက်နှုတ်ဆက် ခဲ့ကြသည်။ မွန်းကို ကြိုဆိုသူ ရာပေါင်းများစွာသည် မြောက်ကိုရီးယား အလံများနှင့် ကိုရီးယားကျွန်းဆွယ် အလံများကို ကိုင်ဆောင်နှုတ်ဆက်ခဲ့ကြပြီး တောင်ကိုရီးယားအလံ အမှတ်အသားကို မွန်း၏ ဘိုရင်း ၇၄၇ လေယာဉ်ပေါ်တွင်သာ တွေ့ရသည်။

ကင်နှင့် မွန်းတို့ စီးနင်းလာသော အမိုးဖွင့်ကား ဖြတ်သန်းမောင်းနှင်သည့် လမ်းတစ်လျှောက်၌ ထောင်ပေါင်းများစွာသော ဒေသခံများသည် ပန်းစည်းများကို ကိုင်ဆောင်ကာ ‘နိုင်ငံပြန်လည်ပေါင်းစည်းရေး’ ဟူ၍ သံပြိုင်သီဆို နေကြသည်။ ခေါင်းဆောင်များ စီးနင်းလာသော ကားသည်ကင်အီဆွန်း၊ ကင်ဂျုံအီတို့ လဲလျောင်းရာ ကမ်ဆူဆမ်နန်းတော်ရှေ့မှလည်း ဖြတ်သန်းခဲ့သည်။ ယင်းနောက်တွင် မွန်းနှင့် ကင်တို့သည် ၎င်းတို့၏ တရားဝင် ဆွေးနွေးမှုများကို စတင်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်က နျူကလီးယားလက်နက်ပိုင်သည့် မြောက်ကိုရီးယားသည် အိမ်နီးချင်း တောင်ကိုရီးယားသို့ ကျူးကျော်ခဲ့ခြင်းကြောင့် ကိုရီးယားစစ်ပွဲ အစပြုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် လက်ရှိအချိန်အထိ ၎င်းထက်များစွာ ချမ်းသာသွားပြီဖြစ်သော တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးမှာ အရေးကြီးကြောင်းကို ပုံမှန်ပြောနေဆဲဖြစ်သည်။ မွန်း၏ မိဘများသည်လည်း ကိုရီးယားစစ်ပွဲအတွင်း မြောက်ဘက်မှ တောင်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

မွန်းနှင့်ကင်တို့၏ ထိပ်သီးအစည်းအဝေးသည် သမိုင်းသစ်တစ်ခုကို ဖန်တီးမည့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို အရှိန်ထပ်မံမြှင့်တင်ရန် အရေးကြီးသည့် အခွင့်အရေး ဖြစ်လိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ (KCNA) တွင် ဖော်ပြခဲ့သည်။

၂၀၀၀ ပြည့်နှစ်က တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ၊ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမ္မတ နိုမူဟွန်းတို့၏ မြောက်ကိုရီးယား ခရီးစဉ်များနောက်တွင် မွန်း၏ ယခုသုံးရက်ကြာ မြောက်ကိုရီးယားခရီးစဉ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မွန်း ရောက်လာသည့် စက်တင်ဘာ ၁၈ ရက်မှာပင် မြောက်ကိုရီးယား အာဏာရပါတီ၏ အာဘော်သတင်းစာဖြစ်သော ရိုဒေါင်ရှင်မွန်က အမေရိကန်အပေါ် ဝေဖန်ပုတ်ခတ်မှုများကို ဖော်ပြခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်တွင်သာ အလုံးစုံ တာဝန်ရှိကြောင်း၊ အမေရိကန်သည် နျူကလီးယားလက်နက်များ ဦးစွာဖျက်သိမ်းရမည်ဆိုသည့် မူဝါဒကိုသာ ခေါင်းမာမာဖြင့် ဆက်လက်ကိုင်စွဲထားကြောင်း ထိုအယ်ဒီတာ့အာဘော် ကဏ္ဍတွင် ဖော်ပြခဲ့သည်။

“အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲတွေကို ဒီခရီးစဉ်က တစ်နည်းမဟုတ်တစ်နည်း ပြန်စနိုင်တယ် ဆိုရင်ပဲ အတော်လေးကို လုံလောက်နေပါပြီ” ဟု မွန်းက မြောက်ကိုရီးယားသို့ မထွက်ခွာမီတွင် ပြောကြားခဲ့သည်။ သို့သော် စောင့်ကြည့်သူများက ယင်းမျှော်မှန်းချက်နှင့် ပတ်သက်၍ လျှောချခဲ့ပြီး ကင်ဂျုံအွန်သည် မြောက်ကိုရီးယားအတွက် စီးပွားရေး အကျိုးအမြတ်ရစေမည့် နေရာများ၌ နှစ်နိုင်ငံပူးပေါင်းမှု မြှင့်တင်ရေး အတွက်သာ တိုက်တွန်းလိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။

မွန်းနှင့်အတူ ဆမ်ဆောင်းဆက်ခံသူ လီဂျဲယောင်၊ ဟွန်ဒိုင်းကား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့သည်။ မွန်းသည် ၎င်း၏ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြုံယမ်းရှိ အဓိကနေရာများသို့ သွားရောက်ရန်လည်း စီစဉ်ထားသည်။

လက်ရှိတွင် တောင်ကိုရီးယား စီးပွားရေး၌ အခက်အခဲများ ကြုံနေရသဖြင့် မွန်း၏ လူထုထောက်ခံမှုနှုန်းမှာ ကျဆင်းနေသည်။ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းရေးအတွက် မွန်း၏ တိုက်တွန်း လုပ်ဆောင်မှုများကိုလည်း တောင်ကိုရီးယား မီဒီယာများတွင် သတိရှိရန် တိုက်တွန်းနေကြကာ နျူကလီးယား ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရလဒ်များ ထွက်ပေါ်လာစေရန် တောင်းဆိုနေကြသည်။

Ref : AFP

Most Read

Most Recent