လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ရုရှား သတိပေး

လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ရုရှား သတိပေး
Published 19 September 2018

စက်တင်ဘာ ၁၈ ရက်တွင် ပျက်ကျခဲ့သည့် ရုရှားစစ်လေယာဉ်နှင့် ဆင်တူသော IL – 20M တစ်စင်းကို ၂၀၀၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် တွေ့ရစဉ် (Photo - AFP)

ရုရှားလေယာဉ်တစ်စင်း ဆီးရီးယား၌ ပစ်ချခံလိုက်ရခြင်းနှင့် ပတ်သက်၍လက်တုံ့ပြန်နိုင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက အစ္စရေးကို စက်တင်ဘာ ၁၈ ရက်တွင် သတိပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်းက စစ်မှုထမ်း ၁၅ ဦးကို သယ်ဆောင်လာသော ရုရှားစစ်လေယာဉ်တစ်စင်းကို ဆီးရီးယားသည် မတော်တဆပစ်ချမိလိုက်သည်။ ဆီးရီးယား၏ လေကြောင်းကာကွယ်ရေးသည် အစ္စရေးဘက်မှ ပစ်ခတ်လာသည့် ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွက် တန်ပြန်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရုရှားဘက်က ဆိုသည်။

“ရုရှားလေယာဉ်ပစ်ချခံရပြီး အမှုထမ်းတွေ သေဆုံးခဲ့ရမှုအတွက် အစ္စရေးဘက်မှာ အပြည့်အဝတာဝန်ရှိပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွှိုင်ဂူက အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒါလိုင်ဘာမန်း နှင့် ဖုန်းပြောဆိုမှုအတွင်းပြောခဲ့သည်ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

လက်ရှိအချိန်အထိ ဆီးရီးယားအစိုးရဘက်မှ တုံ့ပြန်မှုမရှိသေးပေ။  သို့သော်ရုရှား လေယာဉ် IL – 20M သည်စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဆီးရီးယားကမ်းရိုးတန်းဒေသ လာတာကီယာတွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရစဉ် ပစ်ချခံလိုက်ရခြင်းဖြစ်သည်။

ရုရှားစစ်မှုထမ်းများ၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသဖြင့် ဆီးရီးယားနယ်နိမိတ်ထဲ၌  တိုက်ခိုက်မှုများအား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ရုရှားသည် အစ္စရေးကို ထပ်တလဲလဲတောင်းဆိုခဲ့သည်ဟု  ရွှိုင်ဂူက ဆိုခဲ့သည်။ “အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ရုရှား-အစ္စရေး မိတ်ဖက်ဖွဲ့မှု အနှစ်သာရကို ဖော်ညွှန်းမှုမရှိဘူး။ အနာဂတ်မှာ လက်တုံ့ပြန်လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်” ဟု ရွှိုင်ဂူက ဆိုသည်။

အစ္စရေး၏ F – 16 ဂျက်လေယာဉ်များသည် ပိုမိုကြီးမားသော ရုရှားလေယာဉ်ကို အကာအကွယ်ယူပြီး ဆီးရီးယားပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားစစ်တပ်က ထုတ်ပြန်ခဲ့သည်။  လာတာကီယာ ကမ်းရိုးတန်း၏ အနောက်ဘက် ၁၇ မိုင်အကွာမှ မြေထဲပင်လယ်ထဲသို့ ရုရှားလေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် လေယာဉ်အပျက်အစီးများနှင့် လိုက်ပါသွားသောအမှု ထမ်းများ၏ ရုပ်ကြွင်းအချို့ကို ရုရှားရေတပ်က တွေ့ရှိပြီဟု သိရသည်။ ထိုကိစ္စသည် ဆီးရီးယားစစ်ပွဲထဲသို့ ရုရှားစတင်ဝင်ပါခဲ့သည့် ၂၀၁၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးမှား ယွင်းပစ်ခတ်မှု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ရုရှားစစ်မှုထမ်း ၁၅ ဦးကို သေစေခဲ့သော ထိုဖြစ်စဉ်သည် ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသည့် အိုင်ဒလစ်ပြည်နယ်ထဲ၌ စစ်မဲ့ဇုန်တစ်ခုဖန်တီးရန် ရုရှားနှင့် တူရကီသမ္မတတို့ကြား၌ သဘောတူခဲ့ကြကာ အိုင်ဒလစ်သို့ တိုက်ခိုက်မှု လုပ်ဆောင်မည်မဟုတ်ဟု ရုရှားက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဖြစ်ပွားသည်။

လေယာဉ်ပစ်ချခံရမှုသည် ထိုသဘောတူညီချက်အပေါ် မည်သို့မျှသက်ရောက်မှု ရှိမည်မဟုတ်ဟု ရုရှားအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသည် ထိုဖြစ်ရပ်အတွက် အစ္စရေး သံအမတ်ကြီးကို စက်တင်ဘာ ၁၈ ရက်တွင် ဆင့်ခေါ်ခဲ့သည်။ အစ္စရေးအစိုးရဘက်မှမူ လက်ရှိအချိန်အထိ မည်သည့်တုံ့ပြန်မှတ်ချက်ပေးမှုမျှ မလုပ်ဆောင်သေးပေ။

ရုရှားသည် အစောပိုင်းက အနီးအနားတွင်ရှိနေသော ပြင်သစ် စစ်သင်္ဘောတစ်စင်းကလည်း ဒုံးကျည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပြင်သစ်က ၎င်းတို့ပါဝင်မှုမရှိဟု ပြန်လည်ငြင်းဆိုပြီး ရုရှားကလည်း ယင်းအကြောင်းကို ထပ်မပြောတော့ပေ။

Ref ; AFP

Most Read

Most Recent