မက်ဆီဒိုးနီးယားနိုင်ငံ အမည်ပြောင်းလဲရန် ယခုလအတွင်း ပြုလုပ်မည့်လူထုဆန္ဒခံယူပွဲ၌ ထောက်ခံသည့်ဘက်မှ ပံ့ပိုးပေးရေးနှင့် အမည်ပြောင်းခြင်းကို မလိုလားသည့် ရုရှား၏ လွှမ်းမိုးမှုကို တန်ပြန်ရေးအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်သည် စက်တင်ဘာ ၁၇ ရက်က မြို့တော်စကော့ပီယေသို့ ရောက်ရှိခဲ့သည်။
‘မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ’ ဟု နိုင်ငံအမည်ကို ပြောင်းလဲ၊ မလဲနှင့် ပတ်သက်ပြီး စက်တင်ဘာ ၃၀ ရက်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်သည်။ ထိုသို့အမည်ပြောင်းဖြစ်ပါက မက်ဆီဒိုးနီးယားအတွက် နေတိုးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရန် တံခါးပွင့်သွားလိမ့်မည်ဖြစ်သည်။
ဂရိသည် ၎င်း၏နိုင်ငံထဲ၌ မက်ဆီဒိုးနီးယားအမည်ရှိ ပြည်နယ်တစ်ခုရှိနေသဖြင့် အိမ်နီးချင်းနိုင်ငံအား မက်ဆီဒိုးနီးယားဟု ခေါ်ဆိုခြင်းကို ကန့်ကွက်နေသည်။ ထို့ပြင် ဂရိက အိမ်နီးချင်းနိုင်ငံတွင် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းချက်များရှိသည်ဟု စွပ်စွဲပြီး မက်ဆီဒိုးနီးယားအား နေတိုး သို့မဟုတ် ဥရောပသမဂ္ဂသို့ ဝင်ရောက်နိုင်ရန် ဆွေးနွေးပွဲများ ပြုလုပ်ခွင့်ကို ပိတ်ပင်ထားသည်။
သို့သော် ဇွန်လက ဂရိနှင့် မက်ဆီဒိုးနီးယားအစိုးရကြားတွင် အမည်ပြောင်းရေးအတွက် သမိုင်းဝင် သဘောတူညီချက်တစ်ခုကို ရရှိသွားခဲ့ပြီးနောက် ယခုလူထုဆန္ဒခံယူပွဲကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။
“စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ၊ ဒီမိုကရေစီနိုင်ငံ ၃၀ ကြားမှာရရှိမယ့် လုံခြုံမှုတွေကြောင့် ပြည်သူတွေရဲ့ဘဝဟာ ပြောင်းလဲသွားမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မာတစ်က စကော့ပီယေသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။
မာတစ်သည် မက်ဆီဒိုးနီးယား ကာကွယ်ဝန်ကြီး လူမီလာဆီကာရင်စကာ၊ ဂရိနှင့် အမည်ပြောင်းရေးစာချုပ်ကို ချုပ်ခဲ့သော ဝန်ကြီးချုပ် ဇိုရမ်ဇီယေ့တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
ရုရှားသည် အရှေ့ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများသို့ နေတိုး၏ တိုးချဲ့လာမှုကို ဆန့်ကျင်တန်ပြန်နေသည်။ ယခုမက်ဆီဒိုးနီးယား လူထုဆန္ဒခံယူပွဲတွင်လည်း ရုရှားက မဲဆန္ဒရှင်များအား မဲသွားမပေးကြစေရန် လူမှုမီဒီယာများမှတစ်ဆင့် လုပ်ကြံသတင်းများဖြင့် လှုံဆော်စည်းရုံးမှုတစ်ခု လုပ်ဆောင်နေသည်ဟု အမေရိကန်က စွပ်စွဲနေသည်။
လူဦးရေ ၂ ဒသမ ၁ သန်းသာ နေထိုင်ပြီး ဘော်လ်ကန်နိုင်ငံတစ်နိုင်ငံဖြစ်သော မက်ဆီဒိုးနီးယားကို လွှမ်းမိုးရန် ရုရှားက ကြိုးပမ်းနေသည်ဟု ပင်တဂွန်အကြီးအကဲ မာတစ်ကမူ ဝေဖန်ခဲ့သည်။ “ရုရှားဟာ တခြားနိုင်ငံတွေ အများကြီးမှာ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့သလိုမျိုး ဒီနိုင်ငံမှာ လုပ်မှာကို ကျွန်တော် မမြင်ချင်ဘူး” ဟု မာတစ်က ပြောကြားခဲ့ပြီး ရုရှားသည် မက်ဆီဒိုးနီးယားနိုင်ငံရေးအုပ်စု အချို့ကို လွှမ်းမိုးရန်အတွက် ငွေကြေးများ ထောက်ပံ့နေသည်ဟုလည်း စွပ်စွဲခဲ့သည်။
မက်ဆီဒိုးနီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လူထုဆန္ဒခံယူပွဲကို တိုင်ပင်မှုတစ်ခုဟုသာ သတ်မှတ်ပြီး ထိုမဲပေးပွဲမှ ထွက်လာသော ရလဒ်ကို လွှတ်တော်မှ အမတ်သုံးပုံနှစ်ပုံက ထောက်ခံရန် လိုအပ်ကြောင်း သိရသည်။
Ref: AFP