ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အိုင်ဒလစ်ပြည်နယ်ကိစ္စကို ပူတင်နှင့် အာဒိုဂန်တို့ ဆွေးနွေးမည်

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အိုင်ဒလစ်ပြည်နယ်ကိစ္စကို ပူတင်နှင့် အာဒိုဂန်တို့ ဆွေးနွေးမည်
Published 18 September 2018

စက်တင်ဘာ ၇ ရက်တွင် တီဟီရန်၌ ရုရှားသမ္မတ ပူတင်(ဝဲ)နှင့် တူရကီသမ္မတ အာဒိုဂန်(ယာ)တို့ နှုတ်ဆက်နေကြစဉ် (Photo: AFP)

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အိုင်ဒလစ်ပြည်နယ်အား အစိုးရတပ်များက ထိုးစစ်ဆင်နိုင်မှုကို နိုင်ငံတကာက စိုးရိမ်မှု မြင့်တက်လာစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တူရကီသမ္မတ ရီဆပ်တေ ယစ်အာဒိုဂန်နှင့် စက်တင်ဘာ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခတွင် ရပ်တည်ချက် ကွဲပြားနေကြသော်လည်း ထိုနှစ်နိုင်ငံမှ ခေါင်းဆောင်များသည် အိုင်ဒလစ်ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ရုရှားနိုင်ငံ ပင်လယ်နက်အပန်းဖြေစခန်းမြို့ ဆိုချီတွင် တွေ့ဆုံမည်ဟု ကရင်မလင်က ထုတ်ပြန်ခဲ့သည်။ အိုင်ဒလစ်ပြည်နယ်၏ အခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ ထိုကိစ္စအတွက် ခေါင်းဆောင်နှစ်ဦး၏ ချဉ်းကပ်မှုများသည် ကွဲလွဲနေကြကြောင်း ကရင်မလင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၁၇ ရက်တွင် ဆွေးနွေးပွဲမစတင်မီ RIA Novosti သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်များသည် မကြာသေးမီ သီတင်းပတ်များအတွင်း အိုင်ဒလစ်ပြည်နယ် တစ်ဝန်း၌ ချီတက်နေကြပြီး အတိုက်အခံများ၏ နောက်ဆုံးခြေကုပ်ဖြစ်သော အိုင်ဒလစ်အား ပြန်လည်သိမ်းယူနိုင်ရန် လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများ ဖြစ်ပေါ်တော့မည်ဟု စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

ယင်းကဲ့သို့ ထိုးစစ်သည် လူဦးရေသုံးသန်းခန့် နေထိုင်သော အိုင်ဒလစ်တွင် သွေးချောင်းစီးလူသတ်ပွဲနှင့် အလွန်အမင်း ဆိုးရွားသော လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့အစည်းများက အကြိမ်ကြိမ် သတိပေးခဲ့သည်။

ဖြစ်လာနိုင်ခြေရှိသော ထိုးစစ်ဆင်မှုကို ရှောင်လွှဲနိုင်ရန် တူရကီက ရုရှားနှင့် ညှိနှိုင်းမှုကို အရှိန်မြင့်ခဲ့ပြီး အပစ်အခတ်ရပ်စဲမှုပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ စက်တင်ဘာ ၇ ရက်တွင် တီဟီရန်၌ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီအပါအဝင် သုံးပွင့်ဆိုင် တွေ့ဆုံမှုတွင် တူရကီနှင့် ထိစပ်နေသော အိုင်ဒလစ်ပြည်နယ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ပူတင်နှင့် အာဒိုဂန်တို့အကြား သဘောထား ကွဲလွဲခဲ့ကြသည်။

သူပုန်များအား ကျယ်ပြန့်သော ထိုးစစ်ဆင်မှုသည် တူရကီနယ်စပ်သို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထွက်ပြေးလာနိုင်ကြောင်း ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများအား ထောက်ခံသည့် အင်ကာရာက သတိပေးခဲ့သည်။ ပြီးခဲ့သောလတွင် ရုရှားနှင့် ဆီးရီးယားတို့က ထိုပြည်နယ်တစ်ဝန်း၌ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းနှင့် အမြောက်များနှင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သောသီတင်းပတ်တွင် အိုင်ဒလစ်၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အရှိန်လျော့သွားခဲ့ပြီး ဆီးရီးယားအစိုးရသည် အိုင်ဒလစ်၌ အဓိကထိုးစစ်အတွက် ပြင်ဆင်နေခြင်းမရှိကြောင်းနှင့် မော်စကိုသည် အရပ်သားများအား ကာကွယ်နိုင်ရန် အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အကြမ်းဖက်အဖွဲ့များအား နှိမ်နင်းမှုတွင် တူရကီက မည်သူနှင့်မဆို ပူးပေါင်းရန် အသင့်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလုကာဗူဆိုဂလူက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သော်လည်း ဂျီဟတ်များရှိနေမှုအား အကြောင်းပြ၍ အိုင်ဒလစ်တွင် ထိုးစစ်ဆင်မှုသည် တရားဝင်ကြောင်း ပြသနိုင်ရန် ကြိုးပမ်းနေသည့် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရကို ၎င်းက ဝေဖန်ခဲ့သည်။

Ref: AFP

Most Read

Most Recent