တိုင်ဖွန်းမန်ခွပ် ဟောင်ကောင်သို့ ဝင်ရောက်၊ ဖိလစ်ပိုင်၌ သေဆုံးသူအရေအတွက် မြင့်တက်လာ

တိုင်ဖွန်းမန်ခွပ် ဟောင်ကောင်သို့ ဝင်ရောက်၊ ဖိလစ်ပိုင်၌ သေဆုံးသူအရေအတွက် မြင့်တက်လာ
Published 17 September 2018

စက်တင်ဘာ ၁၆ ရက်က တိုင်ဖွန်းမန်ခွပ် ချဉ်းကပ်လာစဉ် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်အတွင်း မှ မြင်ကွင်း (Photo - AFP)

တိုင်ဖွန်းမန်ခွပ်သည် စက်တင်ဘာ ၁၆ ရက်က ဟောင်ကောင်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တရုတ်ပြည်မကြီးသို့ ဆက်လက်ရွေ့လျားရန် ဦးတည်နေသည်။

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အားအပြင်းဆုံးဖြစ်လာသော တိုင်ဖွန်းမန်ခွပ်သည် ဟောင်ကောင်သို့မဝင်မီ ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၅၀ နီးပါးကို သေစေခဲ့ကာ နိုင်ငံ၏ စိုက်ပျိုးရေးဗဟိုချက်ဒေသ၌ ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။

ဟောင်ကောင်အာဏာပိုင်များက မုန်တိုင်းအမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ထားသည်။ မန်ခွပ်သည် တစ်နာရီ ကီလိုမီတာ ၂၃၀ ကျော် ( ၁၄၂ မိုင်) နှုန်းဖြင့် ဟောင်ကောင်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိပြီဟု အစိုးရအချက်အလက်များအရ သိရသည်။

ဟောင်ကောင်တောင်ပိုင်းသို့  မုန်တိုင်းဖြတ်သန်းစဉ် သစ်ပင်များ ထက်ပိုင်းကျိုးကျခဲ့ပြီး လမ်းများ ပိတ်ဆို့ခဲ့ရသည်။ အချို့သော လူနေတိုက်များ၏ ပြတင်းများ ကွဲထွက်ကုန်ကြပြီး လေပြင်းဒဏ်ခံနိုင်စေရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် မိုးမျှော်တိုက်ကြီးများလည်း ယိမ်းထိုးလှုပ်ယမ်းနေခဲ့သည်။

မန်ခွပ်ဟူသော အမည်၏ အဓိပ္ပာယ်မှာ ထိုင်းဘာသာစကားဖြင့် မင်းဂွတ်သီးဖြစ်သည်။

ဖိလစ်ပိုင်တွင် ပျက်စီးဆုံးရှုံးမှုများကို စတင်ရေတွက်

ဖိလစ်ပိုင်နိုင်ငံတွင်မူ တိုင်ဖွန်းမန်ခွပ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို စတင်ရေတွက်နေကြပြီ ဖြစ်သည်။ လူဇွန်ကျွန်းသို့ စက်တင်ဘာ ၁၅ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၄၉ ဦး ထက်မနည်းရှိနေပြီဟု ရဲများက ပြောကြားခဲ့သည်။

တိုင်ဖွန်းမန်ခွပ်ကြောင့် လူဇွန်ကျွန်းတွင် မြေပြိုမှု ဒါဇင်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။ အဆိုပါ ပြိုကျခဲ့သည့် မြေကြီးများအောက်မှ အလောင်းများကို စက်တင်ဘာ ၁၆ ရက်က ထပ်မံတွေ့ရှိခဲ့ပြီး နောက် သေဆုံးသူဦးရေ မြင့်တက်လာခြင်း ဖြစ်သည်။

ဘက်ဂါအိုမြို့တွင် မုန်တိုင်းကြောင့် နေအိမ်များ ပြိုလဲပျက်စီးပြီး အမိုးများလန်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။ ကားလမ်းများမှာလည်း ရေမြုပ်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် ပိတ်ဆို့နေသည်။ နိုင်ငံတွင်း၌ စားသုံးနေသည့် ဆန်နှင့် ပြောင်းအများအပြားကို ထုတ်လုပ်ပေးနေသော လူဇွန်ကျွန်းမြောက်ပိုင်းမှ စိုက်ခင်းများမှာ ရွှံ့ရည်များအောက်တွင် နစ်မြုပ်ကုန်သည်။ ကောက်ရိတ်သိမ်းကာလရောက်ရန် တစ်လအလိုမှာပင် သီးနှံများ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“ကျွန်မတို့ဟာ နဂိုကတည်းက ဆင်းရဲပါတယ်ဆိုမှ ဒီကိစ္စဟာ ကျွန်မတို့မှာ လာဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့ နည်းလမ်းတောင် မရှိတော့ပါဘူး”  ဟု ပြောင်းနှင့် စပါးစိုက်ခင်းများ ပျက်စီးခဲ့သည့် အသက် ၄၀ အရွယ် မာရီအန်နီဘာရယ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တွင် မန်ခွပ်တိုင်ဖွန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်၌ နေထိုင်သူ လေးသန်းကျော်၏ လေးပုံတစ်ပုံသည် ဒေါ်လာအနည်းငယ်သာရှိသော တစ်နေ့ဝင်ငွေဖြင့် ရပ်တည်နေကြရသူများ ဖြစ်သည်။

ဟောင်ကောင်တွင်မူ နာမည်ကျော် ဝိတိုရိယဆိပ်ကမ်းနှင့် ကမ်းရိုးတန်းရှိ ငါးဖမ်းကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများကို မုန်တိုင်းကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။ လမ်းများတွင် ခါးလယ်အထိရောက်အောင် ရေကြီးနေပြီး မိုးများလည်း အဆက်မပြတ် ရွာသွန်းလျက်ရှိ သည်။

အစိုးရက လူထုကို အဆောက်အအုံတွင်းမှာပင် နေထိုင်ရန် သတိပေးထားသော်လည်း ဓာတ်ပုံရိုက်ရန် ကမ်းခြေသို့ စွန့်စားသွားသူအချို့လည်းရှိသည်။ ဟောင်ကောင်၏ အဝင်အထွက် လေယာဉ်ခရီးစဉ်အားလုံး နီးပါးကို ဖျက်သိမ်းထားသည်ဟု သိရသည်။

အိမ်နီးချင်း မကာအိုတွင်လည်း စက်တင်ဘာ ၁၅ ရက် ညပိုင်းက ကာစီနို ၄၂ ခု ကိုပိတ်ခဲ့ပြီး ၁၆ ရက် နံနက်ပိုင်းအထိ စီးပွားရေးလုပ်ငန်းများ ပိတ်ထားကြဆဲ ဖြစ်သည်။ မကာအိုတောင်ပိုင်း၌ မုန်တိုင်းဖြတ်သန်း နေစဉ်မြို့တွင်းလမ်းများမှာ ရေမြုပ်ကုန်ကြ သည်။ မကာအိုသည် ယမန်နှစ်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းဟာတိုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရသဖြင့် အစိုးရနှင့် ကာစီနိုများသည် ယခုတစ်ကြိမ်တွင် အထူးသတိထားနေကြသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင်လည်း ကြိုတင်ပြင်ဆင်မှုများကို အကြီးအကျယ် လုပ်ဆောင်နေကြသည်။ မုန်တိုင်းကြီးများ မကြာခဏ တိုက်ခံရလေ့မရှိသည့် ယင်းဒေသသည် တိုင်ဖွန်းမန်ခွပ်အား တိုက်ရိုက်ကြုံရမည့်အရေးအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent