အိန္ဒိယအမျိုးသား တစ်ဦးက သားဖြစ်သူအား သေဆုံးစေခဲ့သည့် လမ်းပေါ်မှချိုင့်များကို မြေဖို့နေ

အိန္ဒိယအမျိုးသား တစ်ဦးက သားဖြစ်သူအား သေဆုံးစေခဲ့သည့် လမ်းပေါ်မှချိုင့်များကို မြေဖို့နေ
Published 16 September 2018

သြဂုတ် ၂၉ ရက်တွင် မွမ်ဘိုင်း၌ အဝေးပြေးလမ်းမ တစ်ခုပေါ်မှ ချိုင့်ခွက်တစ်ခုကို ဘီလ်ဟိုးက မြေဖို့နေစဉ် (Phtoto : AFP)

ဒါဒါရောင်ဘီလ်ဟိုးသည် လမ်းမျက်နှာပြင်ကို ပေါက်ပြားဖြင့်ညီအောင် လုပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လျက် အိန္ဒိယတွင် လမ်းပေါ်ရှိ ချိုင့်များကြောင့် နှစ်စဉ်သေဆုံးခဲ့ရသူ ထောင်ပေါင်းများစွာအနက် တစ်ဦးဖြစ်သည့် ၎င်း၏သား ဖြစ်သူအတွက် ဆုတောင်းပေးခဲ့သည်။ ထင်ရှားသော ကျောင်းသားတစ်ဦးဖြစ်သူ ပရာကက်ရှ်ဘီလ်ဟိုးသည် လူသန်း ၂၀ ခန့် နေထိုင်သော အိန္ဒိယ၏ စည်ကားသည့် ဘဏ္ဍာရေးနှင့် ဘောလိဝုဒ်မြို့တော် မွမ်ဘိုင်းတွင် ၂၀၁၅ ခုနှစ် ဇူလိုင်၌ သေဆုံးခဲ့သည့် အချိန်တွင် အသက် ၁၆ နှစ်သာ ရှိသေးသည်။

၎င်း၏ဝမ်းနည်းပူဆွေးမှုကို ဖြေသာရန်အတွက် ပရာကက်ရှ်၏ ဖခင်ဖြစ်သူ ဒါဒါရောင်က အိန္ဒိယ၏ လမ်းအများစု ကဲ့သို့ပင်ဖြစ်သော နာမည်ဆိုးဖြင့် ယိုယွင်းနေသည့် မွမ်ဘိုင်း၏ လမ်းများကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ သဲများနှင့် ကျောက်စရစ်များကိုယူလျက် ဘီလ်ဟိုးသည် ပြီးခဲ့သောသုံး နှစ်ကျော်အတွင်း ဘဏ္ဍာရေးမြို့တော် တစ်ဝန်းရှိ လမ်းများပေါ်မှ ချိုင့်ခွက် ၆၀၀ နီးပါးကို မြေဖို့ပစ်ခဲ့သည်။ အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဟင်းသီးဟင်းရွက်ဈေးသည်ဖြစ်သူ ဘီလ်ဟိုးက ချစ်လှစွာသော သားဖြစ်သူအား ဂုဏ်ပြုရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး လူ့အသက်များကို ကယ်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

၎င်းတို့၏ ချစ်ခင်မြတ်နိုးရသူ ဆုံးရှုံးခဲ့ရသကဲ့သို့ပင် အခြားသူများကို မခံစားစေလိုကြောင်း တော်သင့်ရုံ ကောင်းမွန်သော တိုက်ခန်းတွင် ဇနီး၊ သမီးနှင့် ထပ်တိုးမိသားစုနှင့်အတူ နေထိုင်နေသည့် ဘီလ်ဟိုးက ပြောကြားခဲ့သည်။ ပရာကက်ရှ်သည် ၎င်း၏ဝမ်းကွဲဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားနေစဉ် အလွန်နက်သော ချိုင့်ခွက်ထဲသို့ ဆိုင်ကယ်ထိုးကျခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး လွင့်စဉ်သွားခဲ့သည်။ ဆိုင်ကယ်ဦးထုပ် မဆောင်းထားသော ပရာကက်ရှ်သည် ဦးနှောက်တွင် ပြင်းထန်စွာ ဒဏ်ရာရပြီး သေဆုံးခဲ့သည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းသော ၎င်း၏ဝမ်းကွဲမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

မွမ်ဘိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းရိုးတန်းမြို့၏ လမ်းများ၌ မီးတောင်ဝနှင့်ဆင်တူသော ချိုင့်ခွက်ကြီးများစွာ ဖြစ်ပေါ်ခဲ့သည့် နွေရာသီ မုတ်သုံကာလအတွင်း ပရာကက်ရှ်၏ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ချိုင့်ခွက်များအား မွမ်ဘိုင်း၌ မြင်တွေ့နေကျဖြစ်ပြီး ကမ္ဘာတွင် ချိုင့်ခွက်အများဆုံး မြို့အဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်နိုင်ရန် လှုပ်ရှားမှုကို ပြုလုပ်နေကြောင်း သိရသည်။ မွမ်ဘိုင်းဒေသခံ တစ်ဦးဖြစ်သူ နာဗင်လာဒီက မွမ်ဘိုင်းတွင် ချိုင့်ခွက် ၂၇၀၀၀ ကျော်ရှိကြောင်း www.mumbaipotholes.com ၌ တင်ခဲ့ရာ ဒေသဆိုင်ရာ တာဝန်ရှိသူများက ထိုအရေအတွက်ကို ငြင်းချက်ထုတ်ခဲ့သည်။

တစ်နေ့လျှင် ၁၀ ဦး သေဆုံးနေ

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သောနှစ်၌ ချိုင့်ခွက်များနှင့် ဆက်နွှယ်ပြီး လူ ၃၅၉၇ ဦး သေဆုံးခဲ့ရပြီး တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦး သေဆုံးမှုနှင့် ညီမျှကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများသည် လမ်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ကြကြောင်း ဒေသခံများက အပြစ်တင်ခဲ့ကြသည်။

လမ်းပေါ်မှ အပေါက်များအား ပြန်ဖာရန် ငှားရမ်းခဲ့သော ကန်ထရိုက်တာများသည် နောက်နှစ်တွင်လည်း ယင်းကဲ့သို့ ငှားရမ်းစေရန် အကြံအစည်ဖြင့် အလုပ်ကို ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခဲ့ကြကြောင်း တက်ကြွ လှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။ ထိုဖြစ်ရပ်များအတွက် အစိုးရက တာဝန်ခံရန်နှင့် ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အအုံများ ဖန်တီးပေးရန် လိုအပ်ကြောင်း ဘီလ်ဟိုးက ပြောကြားခဲ့သည်။

ဘီလ်ဟိုးက ချိုင့်ခွက် ၅၈၅ ခုကို သူတစ်ဦးတည်းဖြင့် အများစုကို ဖို့ပစ်ခဲ့ပြီး ကျန်ချိုင့်ခွက်များကိုမူ ၎င်း၏အကြောင်းကို လေးစားအားကျသည့် စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ဖို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘီလ်ဟိုးသည် သတင်းစာဆောင်းပါး အများအပြားတွင် မရေမတွက်နိုင်အောင် ဖော်ပြခံခဲ့ရပြီး ဆုအများအပြားလည်း ချီးမြှင့်ခံခဲ့ရကာ အိန္ဒိယတွင် လေးစားသမှုဖြင့် ခေါ်ဆိုသည့် အမည်ပြောင် “ချိုင့်ခွက်ဒါဒါ” ကိုလည်း ရရှိခဲ့သည်။

“ကျွန်တော်တို့ရဲ့အလုပ်ကို အသိအမှတ်ပြုပေးမှုက နာကျင်မှုကို ဖြေသာဖို့ အားအင်ရစေခဲ့ပါတယ်။ ကျွန်တော် ဘယ်နေရာသွားသွား ပရာကက်ရှ်က ကျွန်တော့်ဘေးမှာ ရပ်နေတယ်လို့ ခံစားရစေပါတယ်” ဟု ဘီလ်ဟိုးက ပြောကြားခဲ့သည်။ “ကျွန်တော် အသက်ရှင်နေသရွေ့၊ လမ်းလျှောက်နိုင်သေးသရွေ့ ဒီချိုင့်ခွက်အားလုံးကို လိုက်ဖို့ပစ်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent