အမေရိကန် ကျောထောက်နောက်ခံပြု တပ်များက ဆီးရီးယားရှိ IS နောက်ဆုံးခြေကုပ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်

အမေရိကန် ကျောထောက်နောက်ခံပြု တပ်များက ဆီးရီးယားရှိ IS နောက်ဆုံးခြေကုပ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်
Published 16 September 2018

စက်တင်ဘာ ၁၃ ရက်တွင် ဆီးရီးယားနယ်စပ်အနီး ဒီယာအက်ဇောပြည်နယ်၌ အမေရိကန် ကျောထောက်နာက်ခံပြု တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo : AFP)

အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်များ ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်များ (SDF) မှ တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားအရှေ့ပိုင်းရှိ IS ဂျီဟတ်အဖွဲ့၏ နောက်ဆုံးခြေကုပ်ကို ထိုးစစ်ဆင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ SDF နှင့် ၎င်းတို့၏ အမေရိကန် အကြံပေးများသည် ဒီယာအက်ဇောပြည်နယ်၊ ယူဖရေးတီးမြစ် အရှေ့ဘက်ကမ်းရှိ အက်စ်ဆူဆာရွာ အပြင်ဘက်တွင် စုဝေးနေကြသည်။

ကွေ့ကောက်နေသော လမ်းများတစ်လျှောက် မောင်းလာသည့် ပစ်ကပ်ထရပ်ကားများတွင် ကာ့ဒ်-အာရပ် တပ်ဖွဲ့မှ တိုက်ခိုက်ရေးသမားများ လိုက်ပါလာကြပြီး ညွန့်ပေါင်းတပ်ဖွဲ့များက ဂျီဟတ်များ၏ နေရာများကို မော်တာများနှင့် ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

Daesh များသည် ခံစစ်အားကောင်းကြောင်း၊ ၎င်းတို့၏ ခံစစ်များကို ချိုးဖောက်ပြီး ယူဖရေးတီး အရှေ့ဘက်ကမ်းတွင် ခြေကုပ်ယူထားမှုကို အဆုံးသတ်ပစ်ရန် ကြိုးပမ်းနေကြောင်း တပ်မှူးတစ်ဦးဖြစ်သူ အီဘရာဟင်အယ်ဒိုင်ရီက IS အဖွဲ့၏ အာရပ်အမည်အတို ကောက်ကိုရည်ညွှန်းလျက် ပြောကြားခဲ့သည်။

SDF တပ်ဖွဲ့များသည် ထိုနယ်မြေအနီးသို့ ရောက်ရှိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး ထိုးစစ်ဆင်မှုကို စက်တင်ဘာ ၁၀ ရက်တွင် တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း တိုက်ပွဲများအတွင်း ဂျီဟတ် ၅၃ ဦးနှင့် SDF တိုက်ခိုက်ရေးသမား ၃၇ ဦးတို့ သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၄ ရက်တွင် IS အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် SDF တိုက်ခိုက်ရေးသမား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။ သဲမုန်တိုင်း တိုက်ခိုက်နေစဉ် ဂျီဟတ်များသည် ဖောက်ခွဲရေး ပစ္စည်းများကို ဖောက်ခွဲခြင်းနှင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ထိုစောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုထိုးစစ်သည် ဆီးရီးယား-အီရတ် နယ်စပ်သို့ ဦးတည်သော ယူဖရေးတီးမြစ်ဝှမ်း အလယ်ပိုင်းတစ်လျှောက် ဆီးရီးယား အရှေ့မြောက်ပိုင်းမှ IS လက်ကျန်များကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ဂျီဟတ်အဖွဲ့ကို နှိမ်နင်းနေသည့် နိုင်ငံတကာ ညွန့်ပေါင်းက ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ပွဲသည် ၎င်းတို့အတွက်သာမက Daesh တို့၏ ကံကြမ္မာအတွက်ပါ အရေးပါနေကြောင်း၊ ထိုလက်ကျန် ဂျီဟတ်များသည်  အသေအကျေ တိုက်ပွဲဝင်ကြမည်ဟု မျှော်လင့်ကြောင်း ဒိုင်ရီက ပြောကြားခဲ့သည်။

ထိုဝန်းရံခံထားရသော ဒေသတွင် ပြည်ပတိုက်ခိုက်ရေးသမား အများစု ပါဝင်သော IS ဂျီဟတ် ၃၀၀၀ ခန့် ရှိမည်ဟု SDF က ခန့် မှန်းထားသည်။

၂၀၁၄ ခုနှစ်တွင် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေအများအပြားအား သိမ်းယူပြီး မွတ်စလင်ပိုင်နက်အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း IS ဂျီဟတ်အဖွဲ့သည် ထိုနှစ်နိုင်ငံ၌ စစ်ရေးဆိုင်ရာ ရှုံးနိမ့်မှုများ တစ်သီတစ်တန်း ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ ဆီးရီးယား၏နယ်မြေ သုံးရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။ IS အဖွဲ့သည် ဒီယာအက်ဇောကို ယခင်က တစ်ခုလုံးနီးပါး ထိန်းချုပ်ထား နိုင်ခဲ့သော်လည်း ပြီးခဲ့သောနှစ်တွင် SDF နှင့် ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရ တပ်များ၏ သီးခြားထိုးစစ်ဆင်မှုများကြောင့် အီရတ်နယ်စပ်အနီး နယ်မြေအနည်းငယ်ကိုသာ ထိန်းချုပ်ထားနိုင်သည်။ IS ခေါင်းဆောင် အဘူဘကာအယ် ဘဂ္ဂဒါဒီသည် မည်သည့်နေရာတွင် ရောက်နေကြောင်း အတိအကျ မသိရသော်လည်း ထိုဝန်းရံထားသော နယ်မြေတွင် IS ၏ အဓိက ခေါင်းဆောင်များ ပုန်းအောင်းနေသည်ဟု SDF က ယုံကြည်ထားသည်။

Ref : AFP

Most Read

Most Recent