မွတ်စလင်များကို နှိပ်စက်နေခြင်းမဟုတ်ဘဲ ပညာပေးနေခြင်းသာဖြစ်သည်ဟု တရုတ်ပြောကြား

မွတ်စလင်များကို နှိပ်စက်နေခြင်းမဟုတ်ဘဲ ပညာပေးနေခြင်းသာဖြစ်သည်ဟု တရုတ်ပြောကြား
Published 15 September 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တရုတ်အနောက်ပိုင်း ရှင်းကျန်ဒေသ၌ တရုတ်လုံခြုံရေးတပ်ဖွဲ့များ ဖြတ်သန်းသွားမှုကို ဒေသခံများက ကြည့်ရှုနေစဉ် (Photo - AP)

တရုတ်အစိုးရသည် ရှင်းကျန်ဒေသမှ မွတ်စလင်များကို နှိပ်စက်အကျပ်ကိုင်နေခြင်း မဟုတ်ဘဲ အကြမ်းဖက်အယူဝါဒ မပြန့်ပွားစေရေးအတွက် အချို့သူများကို လေ့ကျင့်သင်တန်းများ ပေးနေခြင်းသာဖြစ်ကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်သည် ယင်းပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် ဥရောပကဲ့သို့မဟုတ်ကြောင်းလည်း ၎င်းက ပြောခဲ့သေးသည်။

တရုတ်နိုင်ငံအနောက်ဘက် စွန်းပိုင်းဒေသထဲမှ ဝီဂါနှင့် အခြားသော မွတ်စလင် ဘာသာမျိုးနွယ်စုဝင် အမြောက်အမြားကို ထိန်းသိမ်းထားသည်ဆိုသည့် သတင်းများကြောင့် နိုင်ငံတကာမှ ဒေါသထွက်ကန့်ကွက်မှုများ မြင့်တက်လျက်ရှိသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ထိုလူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များ နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများ၊ အစိုးရ အရာရှိများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်အတွက် စဉ်းစားရန် လှုံ့ဆော်မှုများကိုလည်း ဖြစ်ပေါ်စေသည်။

“ ဒါဟာ နှိပ်စက်အကျပ်ကိုင်နေတာ မဟုတ်ဘူး။ တရုတ်ဟာ အဆင့်မြင့်လေ့ကျင့်ရေး စင်တာတွေ၊ ပညာပေးစင်တာတွေ ထူထောင်ဖို့ လုပ်နေတာပါ” ဟု အစိုးရအချက်အလက်ကောင်စီရုံးမှ လူ့အခွင့်ရေးရာဌာန၏ လူထုဆက်သွယ်ရေးဒါရိုက်တာ လီရှောင်ကျွင်က ပြောကြားခဲ့သည်။

“ ဒါဟာ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလို့ သင်တို့က ပြောနေကြပေမယ့် အစ္စလာမ္မစ် ဒါမှမဟုတ် ဘာသာရေး အစွန်းရောက်မှုနဲ့ဆိုင်တဲ့ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဒါဟာမလုပ်မဖြစ်နည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေဟာ အစ္စလာမ္မစ်ဘာသာရေး အစွန်းရောက်ကိစ္စတွေကို ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ပါပဲ” ဟု လီကဂျီနီဗာတွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ ဘေးဆွယ်တစ်ခုအတွင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘယ်လ်ဂျီယံကို ကြည့်၊ ပါရီကို ကြည့်၊ အခြား ဥရောပနိုင်ငံအချို့ကိုလည်း ကြည့်လိုက်ဦး။ ခင်ဗျားတို့ ပျက်ကွက်ခဲ့ပါတယ်။ စောင့်ကြည့်ရေးပိုင်းမှာဆိုရင်တော့ တရုတ်ဟာ ဗြိတိန်ဆီကနေ သင်ယူနေပါတယ်။ ဗြိတိန်ရဲ့ တစ်ဦးချင်းအပေါ် စီစီတီဗွီကစောင့်ကြည့်မှုဟာ တရုတ်က ရှင်းကျန်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသထက် အများကြီးပိုပါတယ်” ဟု လီက ပြောကြားခဲ့သည်။ ဥရောပထိပ်တန်း လူအခွင့်အရေးတရားရုံးက ဗြိတိန်၏ တင်းကျပ်သော အီလက်ထရွန်နစ်စောင့်ကြည့်မှု အစီအစဉ်သည် တစ်ကိုယ်ရည်လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ခြိမ်းခြောက်နေသည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ရှင်းကျန်သို့ ကုလသမဂ္ဂမှ ကျွမ်းကျင်သူတစ်ဦး လာရောက်ရေးကိစ္စကိုမူ လီက မလိုအပ်ဟုဆိုကာ ပယ်ချခဲ့သည်။ ဝေးလံသော နေရာများမှ အဆင်း ရဲဆုံးပြည်သူများသည် အစွန်းရောက်နိုင်ခြေ အမြင့်ဆုံးဖြစ်ကြောင်း၊ အစွန်းရောက်မှုဖြစ်ပေါ်စေရန် ဗလီများကို အသုံးချနေကြကြောင်းလည်း ၎င်းက ဆိုသည်။

အစ္စလာမ်အပေါ် တရုတ်က ကောင်းမွန်သော အမြင်ရှိသော်လည်း အစ္စလာမ္မစ် အစွန်းရောက်မှုမှာ လူသားမျိုးနွယ်အတွက် ဘုံရန်သူဖြစ်သည်ဟု လီကပြောကြားပြီး အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ပါကစ္စတန်၊ အီရတ်နှင့် အခြားနိုင်ငံများအား ရည်ညွှန်းပြောကြားသွားခဲ့သည်။

Ref ;Reuters

Most Read

Most Recent