ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆက်သွယ်ရေး ပထမဆုံးရုံးကို စတင်ဖွင့်လှစ်

ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆက်သွယ်ရေး ပထမဆုံးရုံးကို စတင်ဖွင့်လှစ်
Published 15 September 2018

စက်တင်ဘာ ၁၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ကေဆောင်ရှိ ကိုရီးယားနှစ်နိုင်ငံအကြား ပူးတွဲဆက်သွယ်ရေးရုံး အဆောက်အအုံကို တွေ့ရစဉ် (Photo - AP)

လာမည့်သီတင်းပတ်တွင် ပြုံယမ်း၌ပြုလုပ်မည့် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံမှုမတိုင်မီ ပထမဆုံးကိုရီးယား ပူးတွဲဆက်သွယ်ရေးရုံးကို နှစ်နိုင်ငံနယ်စပ် အနီး၌ စက်တင်ဘာ ၁၄ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မြောက်ကိုရီးယားနယ်စပ်မြို့ကေ ဆောင်၌ ဖွင့်လှစ်လိုက်သော ထိုရုံးသည် တောင်နှင့်မြောက်ကိုရီးယားကြားမှ ယခုနှစ်အတွင်း ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ချက်များ၏ နောက်ဆုံးခြေလှမ်းတစ်ခု ဖြစ်လာခဲ့သည်။ ယခုရုံးသည် ၁၉၄၅ ခုနှစ်က ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားကျွန်းဆွယ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် နှစ်နိုင်ငံကြားတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ပူးတွဲဆက်သွယ်ရေးရုံးလည်း ဖြစ်သည်။

ကိုရီးယားများသည် ဆွေးနွေးပွဲများ ပြုလုပ်ရန်စီစဉ်ခြင်း၊ သတင်းစကားများဖလှယ်ခြင်းတို့ လုပ်ဆောင်လိုပါက တယ်လီဖုန်းနှင့် ဖက်စ်ကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းများကိုသာ ယခုအချိန်အထိ အသုံးပြုနေကြဆဲ ဖြစ်သည်။ သို့သော် ယင်းဆက်သွယ်ရေး လိုင်းများသည် မြောက်ကိုရီးယားနျူကလီးယား စီမံကိန်းများကြောင့် တင်းမာမှုများမြင့် တက်လာသည့်အချိန်မျိုး၌ မကြာခဏပြတ်တောက်လေ့ရှိသည်။

ယခုပူးတွဲ ဆက်သွယ်ရေးရုံးသည် ကိုရီးယားနှစ်နိုင်ငံအကြား အခြေအနေတိုးတက်မှု၏ အစပျိုးရာ ဖြစ်လာလိမ့်မည်ဟု တောင်ကိုရီးယား ပြန်လည်ရင်ကြားစေ့ရေးဝန်ကြီး ချိုမြောင်ဂျန်က ရုံးဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားဘက်မှ ငြိမ်းချမ်းစွာ ပြန်လည်ရင်ကြားစေ့ရေး ကော်မတီ၏ဥက္ကဋ္ဌဖြစ်သူ ရီဆွန်ဂွမ်ကလည်း ပူးတွဲဆက်သွယ်ရေးရုံးသည် ကိုရီးယားနှစ်နိုင်ငံကြားတွင် တိုက်ရိုက်ပွင့်လင်းစွာ ပြောဆိုနိုင်ရေးအတွက် အကူအညီဖြစ်စေမည်ဖြစ်ပြီး ဆက်ဆံရေးကိုလည်း ပိုမိုတိုးတက်စေလိမ့်မည်ဟု ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ပူးတွဲဆက်သွယ်ရေးရုံးတွင် တောင်ကိုရီးယား ဝန်ထမ်း ၁၅-၂၀ ဦး ခန့်သည် နံနက်ကိုးနာရီမှ ညနေငါးနာရီအထိ အလုပ်လုပ်ကြမည်ဖြစ်ပြီး ကေဆောင်မြို့နှင့် အနီးအနားတွင် တည်းခိုကြမည်ဖြစ်သည်။ မြောက်ကိုရီးယားဘက်မှလည်း တူညီသော ပမာဏရှိသည့် ဝန်ထမ်းများ အလုပ်ဆင်းကြမည်ဖြစ်သည်။ အဆိုပါ တောင်နှင့်မြောက် ကိုရီးယားဝန်ထမ်းများသည် နှစ်နိုင်ငံကြားမှ အမျိုးမျိုးသောအရေးကိစ္စများကို ဆွေးနွေးကာ အစိုးရသတင်းစကားများကိုဖလှယ်ပြီး အရပ်သားဖလှယ်ရေး အစီအစဉ်များ ချောမွေ့စေရေးတို့အတွက် လုပ်ဆောင်ကြမည်ဟု သိရသည်။

တောင်ကိုရီးယား ရင်ကြားစေ့ရေးဒုဝန်ကြီး ချန်ဟေဆန်နှင့် မြောက်ကိုရီးယား ရင်ကြားစေ့ရေးဌာနမှ ဒုတိယအရာရှိတစ်ဦးတို့က ဆက်သွယ်ရေးရုံးကို ပူးတွဲဦးဆောင်ကြမည်ဖြစ်ပြီး သီတင်းတစ်ပတ်လျှင်တစ်ကြိမ် တရားဝင်အစည်းအဝေးပွဲတစ်ခု ကျင်းပမည်ဟု ဝန်ကြီးဌာနထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြခဲ့သည်။

ယခုဆက်သွယ်ရေးရုံးဖွင့်သည့် ကေဆောင်တွင် ကိုရီးယားပူးတွဲစက်မှုဇုန်တစ်ခုလည်း တည်ရှိသည်။ သို့သော် မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံစမ်းသပ်လွှတ်တင်မှုကြောင့် တင်းမာမှုများမြင့်တက်လာကာ ၂၀၁၆ ခုနှစ်တွင် ထိုစက်မှုဇုန်လည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ရသည်။ အမေရိကန်ဦးဆောင်သော နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများသည် မြောက်ကိုရီးယားတွင် သက်ရောက်နေဆဲဖြစ်သဖြင့် ကေဆောင်စက်မှု ဇုန်အပါအဝင် အခြားကိုရီးယားပူးတွဲစီမံကိန်းများကို လက်တလောတွင် ပြန်စရန် မဖြစ်နိုင်သေးပေ။

Ref ; AFP

Most Read

Most Recent