ဖိလစ်ပိုင်သို့ ၂၄ နာရီအတွင်း တိုင်ဖွန်းမန်ခွပ် ဝင်ရောက်မည်ဖြစ်သောကြောင့် အရေးပေါ်ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်

ဖိလစ်ပိုင်သို့ ၂၄ နာရီအတွင်း တိုင်ဖွန်းမန်ခွပ် ဝင်ရောက်မည်ဖြစ်သောကြောင့် အရေးပေါ်ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်
Published 15 September 2018

စက်တင်ဘာ ၁၄ ရက်တွင် မနီလာမြောက်ဘက် ကာဂါယန်ပြည်နယ်၌ မုန်တိုင်းမလာမီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသူနှစ်ဦးကို တွေ့ရစဉ် (Photo - AFP)

အင်အားပြင်းတိုင်ဖွန်းကြီး မန်ခွပ်သည် တစ်နာရီလျှင် လေတိုက်နှုန်း ၂၂၅ ကီလိုမီတာဖြင့် ၂၄ နာရီအတွင်း တိုက်ရိုက်ဝင်ရောက် တိုက်ခတ်မည်ဖြစ်သောကြောင့် ဖိလစ်ပိုင်က အရေးပေါ်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြကြောင်း သိရသည်။ ယခုနှစ်အတွင်း တိုက်ခတ်သည့် အင်အားအပြင်း ဆုံးတိုင်ဖွန်းဟု သတ်မှတ်သော မန်ခွပ်သည် စက်တင်ဘာ ၁၅ ရက်အစောပိုင်းတွင် ဖိလစ်ပိုင်၏ မြောက်ပိုင်းပင်လယ်ကမ်းခြေဒေသဆီသို့ ဝင်ရောက်မည်ဖြစ်ပြီး ယင်းဒေသနေ ပြည်သူထောင်ပေါင်းများစွာသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

တစ်နာရီလျှင် ၂၂၅ ကီလိုမီတာ (၁၆၀ မိုင်) နှုန်းရှိသည့် လေပြင်းများတိုက်ခတ်နိုင်ခြင်းကြောင့် လူဇွန်ကျွန်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများသည် နေအိမ်အဆောက်အဦများ၏ မှန်ပြတင်းများအား သစ်သားပြားများဖြင့် ကာရံခြင်း၊ ခေါင်မိုးများ မလှန်စေရန် ကြိုးဖြင့်တွဲချည်ခြင်းများ ပြုလုပ်ထားကြသည်။

“ အခုနှစ်ထဲမှာ တိုက်ခတ်တဲ့ တိုင်ဖွန်းတွေထဲမှာတော့ အင်အားအပြင်းဆုံးပါပဲ။ မုန်တိုင်းကြမ်းကြီးပါ။ လေပြင်းတွေလည်း လာပါလိမ့်မယ်” ဟု ဂျပန်မိုးလေဝသ အေဂျင်စီမှ မိုးလေဝသပညာရှင် ဟီရိုရှီအီရှီဟာရာက ပြောကြားခဲ့သည်။

တိုင်ဖွန်းမန်ခွပ်သည် ကီလိုမီတာ ၉၀၀ ခန့် ကျယ်ပြန့်သော မုန်တိုင်းကြီးဖြစ်ကြောင်း၊ တစ်နာရီလျှင် လေတိုက်နှုန်း ၂၀၅ ကီလိုမီတာဖြင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ဖြတ်သန်းလာခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ဆိုသည်။ စက်တင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင် အရှေ့မြောက်ဖျားပိုင်းရှိ လူဇွန်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းတို့ စတင်ဖြစ်ပွားနေသော်လည်း ပျက်စီးဆုံးရှုံးမှုများနှင့် ရေကြီးမှုဖြစ်ပွားသည့် သတင်းများကို မကြားရသေးပေ။

တိုင်ဖွန်းမန်ခွပ်တိုက်ခတ်မည့် လမ်းကြောင်း၌ ပြည်သူ လေးသန်းခန့် နေထိုင်နေကြပြီး အဆိုပါမုန်တိုင်းသည် ဟောင်ကောင်အပါအဝင် လူဦးရေသိပ်သည်းသော တရုတ်၏ တောင်ဘက်ကမ်းရိုးတန်းဒေသဆီသို့ ယခုသီတင်းပတ်အတွင်း ဦးတည်ဝင်ရောက်လိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။

“သူတို့ (ဖိလစ်ပိုင်အာဏာပိုင်များ) တွေပြောတာတော့ ပြီးခဲ့တဲ့အခေါက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းထက် နှစ်ဆပိုပြင်းထန်မယ်တဲ့။ ကျွန်မတို့အရမ်းကို ကြောက်နေရပါတယ်။ ပြီးခဲ့တဲ့မုန်တိုင်းတိုက်ခတ်တုန်းကဆို ရေတွေက အိမ်ခေါင်မိုးထိကို တက်လာတာ” ဟု အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် တောင်ကုန်းဒေသတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို ဖိလစ်ပိုင် အာဏာပိုင်များက ပြင်ဆင်ထားကြကြောင်း သိရသည်။

ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်သို့ နှစ်စဉ်တိုင်ဖွန်းနှင့်မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူရာပေါင်းများစွာသေဆုံးကာ သန်းပေါင်းများစွာမှာ ဆင်းရဲမွဲတေမှုနှင့် သံသရာလည်နေခဲ့သည်။

တိုင်ဖွန်းမန်ခွပ် ဝင်ရောက်တိုက်ခတ် မည့်မြို့များတွင် အစိုးရကယ်ဆယ်ရေးစင်တာများ တည်ဆောက်ထားပြီး ထောက်ပံ့ပေးဝေမည့် အစားအစာများနှင့် အခြားသောရိက္ခာများကို ပြင်ဆင်ထားကြောင်း  မနီလာရှိကာကွယ်ရေးရုံးက ပြောကြားခဲ့သည်။     Ref ; AFP

Most Read

Most Recent