အာဖဂန်က ဆီးရီးယားကို ကျော်ပြီး ၂၀၁၈ ခုနှစ်တွင် လူသေဆုံးမှုအများဆုံးစစ်ပွဲ ဖြစ်လာနိုင်

အာဖဂန်က ဆီးရီးယားကို ကျော်ပြီး ၂၀၁၈ ခုနှစ်တွင် လူသေဆုံးမှုအများဆုံးစစ်ပွဲ ဖြစ်လာနိုင်
Published 15 September 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ကန်ဒါဟာပြည်နယ်၌ တာလီဘန်အသေခံ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် အမေရိကန်စစ်သားများကို တွေ့ရစဉ်(Photo - AFP)

၁၇ နှစ်ကြာလာပြီဖြစ်သော အာဖဂန်စစ်ပွဲသည် ဆီးရီးယားကို ကျော်တက်ပြီး ယခုနှစ်၏ လူသေဆုံးမှု အများဆုံးစစ်ပွဲ ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။

အဆိုပါဆိုးရွားသော ခန့်မှန်းသုံးသပ်ချက်သည် ကဘူးမြို့ရှိ နေတိုး Resolute Support မစ်ရှင်မှ ပုံမှန်ထုတ်ပြန်နေကျ အားတက်စရာ သုံးသပ်ချက်နှင့်သိသိသာ သာကွဲလွဲလျက်ရှိသည့်အပြင် အာဖဂန်၏ မျှော်လင့်ချက်မဲ့မှုကို ပိုမိုသိသာစေခဲ့သည်။

ယင်းသုံးသပ်ခန့်မှန်းချက်ကြောင့် သမ္မတဒေါ်နယ်ထရန့်ကအလွန် အမွှမ်းတင်ထားသော အာဖဂန်နစ္စတန်ဗျူဟာမှာ ယခင်အမေရိကန်သမ္မတများကဲ့သို့ပင် မအောင်မြင်ကြောင်းကို ညွှန်ပြနေသည်ဟု စောင့်ကြည့်သူများက ပြောခဲ့ကြသည်။

“အာဖဂန်မှာ လူသေဆုံးမှုတွေ မြင့်တက်လာပြီး ဆီးရီးယားမှာကြတော့ ကစားပွဲ အဆုံးသတ်တော့မယ်ဆိုတဲ့ အခြေအနေရှိတာကြောင့် အာဖဂန်ဟာ ကမ္ဘာပေါ်မှာလူ သေဆုံးမှုအများဆုံးစစ်ပွဲ ဖြစ်လာနိုင်ပါတယ်” ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ့မှ အာဖဂန်နစ္စတန်ဆိုင်ရာ ကျွမ်းကျင်သူဂျွန်နီဝေါ့က ပြောကြားခဲ့သည်။

အာဖဂန်စစ်ပွဲစတင်ပြီး ဆယ်စုနှစ်တစ်ခုအကြာမှ ဖြစ်ပွားသော ဆီးရီးယားစစ်ပွဲတွင် ယခုနှစ်အတွင်း သေဆုံးသူ ၁၅၀၀၀ ကျော် သွားပြီဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အာဖဂန်၌လည်း စစ်ကြောင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးသူဦးရေသည် ၂၀၀၀၀ (အရပ်သားနှင့် တိုက်ခိုက်ရေးသမားများ အပါအဝင်) ကျော်နိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခရေးရာအဖွဲ့မှ အတိုင်ပင်ခံ ဂရီမီစမစ်က ပြောကြားခဲ့သည်။ “ဒီပမာဏဟာ ဘယ်စစ်ပွဲထက်မဆိုသာ သွားနိုင်ပါတယ်။ ဆီးရီးယားစစ်ပွဲထက်တောင် ကျော်သွားနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က အာဖဂန်စစ်ပွဲအတွင်း သေဆုံးသူဦးရေသည် ၁၉၆၉၄ ဦးရှိခဲ့သဖြင့် ၂၀၀၀၀ ကျော်သွားမည်ဆိုပါက သေဆုံးသူဦးရေသည် စံချိန်တင်မြင့်တက်သွားခြင်း ဖြစ်လာမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်ပထမခြောက်လအတွင်း အာဖဂန်အရပ်သားသေဆုံးမှုသည် စံချိန်တင် ၁၆၉၂ ဦး ရှိသွားပြီဖြစ်ကြောင်း မကြာသေးမီက ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ရန်သူတိုက်ခိုက်ရေးသမားများ၏ သေဆုံးမှုမှာမူ အပတ်စဉ် ၃၀၀မှ ၄၀၀ ကြား ရှိမည်ဟု ပြည်ထဲရေးဌာနမှ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်က ခန့်မှန်းခဲ့သည်။ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုအရေအတွက်ကို လျှို့ဝှက်ချက်အဖြစ် ထားပေးရန် အာဖဂန်၏တောင်းဆိုမှုအား ယမန်နှစ်က အမေရိကန်က သဘောတူခဲ့ပြီး နောက်ပိုင်းကတည်းက မသိရတော့ခြင်းဖြစ်သည်။ သို့သော် ယင်းသို့ မဖုံးကွယ်လိုက်မီ အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိကန် အထွေထွေအထူးစုံစမ်းရေး (SIGAR) မှ ထုတ်ပြန်ချက်အရ နှစ်စဉ် သေဆုံးသူ ၅၀၀၀ ကျော်သည်ဟု သိရသည်။ သို့သော် ယခုနှစ်အစိုးရ တပ်ဖွဲ့ဝင်များသေဆုံးမှုမှာ ပိုမိုဆိုးရွားနိုင်သည်ဟု ခန့်မှန်းရသည်။

အာဖဂန်စစ်ပွဲအတွင်း လူသေဆုံးမှုသည် နေတိုး၏တိုက်ခိုက်ရေးတပ်ဖွဲ့များ အာဖဂန်မှ ဆုတ်ခွာသွားသော၂၀၁၄ ခုနှစ် ကတည်းက သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများ မြင့်တက်လာသော်လည်း ဇွန်လက အစိုးရနှင့်တာလီ ဘန်ကြားတွင် မကြုံစဖူးရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကြောင့် ငြိမ်းချမ်းရေးရရှိ နိုင်သည်ဆိုသော မျှော်လင့်ချက်များမှာ မြင့်တက်နေဆဲ ဖြစ်သည်။

Ref ; AFP

Most Read

Most Recent