ဆည်ပြိုမှုဖြစ်ပွားခဲ့သော်လည်း လာအိုက ဆည်များဆက်လက် တည်ဆောက်သွားမည်ဟု ထုတ်ပြန်

ဆည်ပြိုမှုဖြစ်ပွားခဲ့သော်လည်း လာအိုက ဆည်များဆက်လက် တည်ဆောက်သွားမည်ဟု ထုတ်ပြန်
Published 14 September 2018

စက်တင်ဘာ ၁၂ ရက်တွင် ဟနွိုင်း၌ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လာအိုဝန်ကြီးချုပ် သောင်ဂလွန်ဆစ်ဆူလစ်က စကားပြောနေစဉ် (Photo: AFP)

လူဒါဇင်ချီ သေဆုံးခဲ့ရသော ဆည်ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လာအိုနိုင်ငံသည် ရည်မှန်းချက်ကြီးမားသော ရေအားလျှပ်စစ်မဟာဗျူဟာကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် အကျိုးအမြတ်ကြီးမားသော ဧရာမစီမံကိန်းကြီးများကို စိစစ်မှုတိုးမြှင့်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

ဇူလိုင်လတွင် အတ္တာပူးပြည်နယ်၌ ဆည်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လာအိုဝန်ကြီးချုပ် သောင်ဂလွန်ဆစ်ဆူလစ်ထံမှ ရှားရှားပါးပါး မှတ်ချက်စကားများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရှီပိုင်ဇီနမ်နွိုင် ဆည်ပြိုကျမှုကြောင့် ၃၅ ဦး သေဆုံးသွားခဲ့သည်ဟု လျှို့ဝှက်သော လာအိုအစိုးရက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆည်ကို ကိုရီးယားက တည်ဆောက်ပေးနေခြင်းဖြစ်ပြီး တည်ဆောက်မှု မပြီးသေးပေ။ ကျေးရွာအများအပြား ရေမြုပ်သွားခဲ့ပြီး ရွံ့နွံအောက် ရောက်သွားခဲ့ခြင်းကြောင့် သေဆုံးသူ အရေအတွက် ပိုမိုများပြားဖွယ်ရှိကြောင်း ဒေသခံတို့က ထွက်ဆိုခဲ့သည်။ ဆည်ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လာအိုသည် ဆည်စီမံကိန်းသစ်အားလုံးကို ရပ်ဆိုင်းခဲ့ပြီး တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း စစ်ဆေးသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ရေအားလျှပ်စစ်စီမံကိန်းတွေကို တည်ဆောက်တာဟာ ဝင်ငွေရစေဖို့ နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဇူလိုင်တုန်းက မတော်တဆဖြစ်ရပ်ရဲ့ သက်ရောက်မှုဟာ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ရှေ့ဆက်ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် အရာတွေ ဖြစ်လာပါတယ်” ဟု သောင်ဂလွန် ဆစ်ဆူလစ်က ပြောကြားခဲ့သည်။ “ဆည်အားလုံးကို စနစ်တကျ စီမံကိန်းချပြီး ကောင်းမွန်တဲ့ဒီဇိုင်းနဲ့ အခြေခံရပါမယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ပြည်သူများကို လျှပ်စစ်ဓာတ်အားပေးရန်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို လျှပ်စစ်ဓာတ်အား ရောင်းစားရန်လည်းကောင်း လာအိုသည် လွန်ခဲ့သောဆယ်စုနှစ်တွင် ဆည်တည်ဆောက်မှုကို စိတ်လွတ်လက်လွတ် လုပ်ဆောင်ခဲ့သည်။ အဆိုပါဖိုရမ်တွင် သောင်ဂလွန်ဆစ်ဆူလစ်နှင့် ဘေးချင်းကပ်ထိုင်ခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နယ်စပ်ဖြတ်ကျော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ဇူလိုင်လတွင် အတ္တာပူးဆည် ကျိုးပေါက်မှုကြောင့် လာအိုနှင့်နယ်နိမိတ်ထိစပ်နေသော ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းရှိ ကျေးရွာများ ရေလွှမ်းခံခဲ့ရသည်။ အဆိုပါ ဆည်ကို တည်ဆောက်နေသော ကိုရီးယားလုပ်ငန်းက အကူအညီဒေါ်လာ ၁၀ သန်းပေးခဲ့ပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent