ရုရှားသည် စစ်တပ်ကို အားကောင်းစေရန် စီစဉ်နေကြောင်း ပူတင်က စစ်ရေးလေ့ကျင့်မှုတွင် ပြောကြား

ရုရှားသည် စစ်တပ်ကို အားကောင်းစေရန် စီစဉ်နေကြောင်း ပူတင်က စစ်ရေးလေ့ကျင့်မှုတွင် ပြောကြား
Published 14 September 2018

စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ဘေးရီးယား၌ စစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတ ပူတင် (လယ်)၊ ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူ (ဝဲ) နှင့် စစ်ဦးစီးချုပ် (ယာ) တို့ ကြည့်ရှုနေစဉ် (Photo: AFP)

အရှေ့ဆိုက်ဘေးရီးယားတွင် ပြုလုပ်နေသော ရုရှား၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၃ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည့် သမ္မတ ဗလာဒီမာပူတင်က ရုရှားသည် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းလာစေရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ဗိုစတော့-၂၀၁၈ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် မွန်ဂိုလီးယားမှ တပ်ဖွဲ့ဝင်များနှင့် လက်နက်များအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀၀၀၀ နီးပါးနှင့် စစ်လက်နက်မျိုးစုံ ပါဝင်ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ခဲ့သည်။

မွန်ဂိုလီးယားနှင့် တရုတ်နယ်စပ်များအနီး ဆူဂိုစစ်ဘက်လေ့ကျင့်ရေးကွင်း၌ ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများကို ကြည့်ရှုခဲ့ပြီးနောက် ပူတင်က ရုရှားစစ်တပ်၏ အားကောင်းမှုနှင့် အလားအလာရှိသော ခြိမ်းခြောက်မှုများအား ရင်ဆိုင်နိုင်သည့် စွမ်းရည်ကို ဂုဏ်ပြုခဲ့သည်။

အမျိုးအမည်မဖော်ပြသော ရန်သူ၏ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုပုံစံ ဖော်ထားသည့် စစ်ရေးလေ့ကျင့်မှုတွင် စစ်သား ၂၅၀၀၀ ခန့်၊ စစ်ဘက်သုံးယာဉ် ၇၀၀၀ အပြင် ရဟတ်ယာဉ်နှင့် လေယာဉ်အစင်း ၂၅၀ တို့ ပါဝင်ခဲ့ကြသည်။ နိုင်ငံအတွက် ၎င်းတို့၏ တာဝန်မှာ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် အသင့်ရှိနေရန် ဖြစ်ကြောင်း ပူတင်က ဧရာမစစ်ရေးပြပွဲအပြီး ပြောကြားခဲ့သည်။

ယင်းအတွက်ကြောင့် ၎င်းတို့သည် လက်နက်ကိုင်တပ်များအား အင်အားကောင်းလာစေရန်အတွက် အဆင့်မြင့်လက်နက်များနှင့် ကိရိယာများကို ထောက်ပံ့ပေးရန်၊ အပြည်ပြည်ဆိုင်ရာနှင့် စစ်ဘက်မိတ်ဖက်ပြုမှုကို တိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှားသည် ငြိမ်းချမ်းသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့တွင် မည်သည့်ကျူးကျော်မှုအတွက်မှ အစီအစဉ် မရှိကြောင်းနှင့် မရှိနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထိုဧရာမ စစ်ရေးလေ့ကျင့်မှုအား စက်တင်ဘာ ၁၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

ဆိုက်ဘေးရီးယားရှိ ချီတာမြို့ မြောက်ဘက် ၈၁ မိုင်ခန့်အကွာရှိ သီလမ်ဘာစစ်ရေး လေ့ကျင့်ကွင်း၌ ပြုလုပ်ခဲ့သော လေ့ကျင့်မှုတွင်မူ တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် စစ်လက်နက်ကိရိယာ ၅၀၀ ကျော် ပါဝင်ခဲ့သည်။ ဝေဟင်မှနေ၍ ရန်သူက တိုက်ခိုက်လာမှုကို တွန်းလှန်သည့် ပုံစံတူလေ့ကျင့်မှုတွင် ရုရှားက နောက်ဆုံးမျိုးဆက် မြေပြင်မှ ဝေဟင်ပစ် ဒုံးခွင်းစနစ် S-400 ကို အသုံးပြုခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ လေယာဉ်များအား ခြိမ်းခြောက်မှုဖြစ်နေသည်ဟု နေတိုးအဖွဲ့ဝင်များက ယူဆထားကြသည့် S-400 လေကြောင်း ဒုံးခွင်းစနစ်ကို တူရကီသို့ ရောင်းချရန် သဘောတူညီချက်တစ်ခုကို ပြီးခဲ့သောနှစ်တွင် မော်စကိုက ရေးထိုးခဲ့သည်။ ထို့ပြင် ရုရှားသည် S-400 စနစ်များကို ကာတာနှင့် အိန္ဒိယတို့သို့ ရောင်းချနိုင်ရန် ဆက်လက် ညှိနှိုင်းနေကြောင်း သိရသည်။

ထိုစစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးသက်သက်သာဖြစ်သည်ဟု ရုရှားက ပြောကြားခဲ့သော်လည်း နေတိုးကမူ ထိုလေ့ကျင့်မှုသည် ဧရာမပဋိပက္ခတစ်ခုအတွက် ကြိုတင်လေ့ကျင့်မှုဖြစ်ကြောင်း ကန့်ကွက် ရှုတ်ချခဲ့သည်။ ရုရှား-တရုတ် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို နိုင်ငံပေါင်း ၅၉ နိုင်ငံမှ စောင့်ကြည့်သူ ၈၇ ဦး လာရောက်ခဲ့ကြောင်း ရုရှားစစ်တပ်က ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent