မာရီယာဟာရီကိန်း တိုက်ခတ်စဉ်က ပွာတိုရီကို၌ တုံ့ပြန်လုပ်ဆောင်ပေးမှုများကို ထရန့်က ဂုဏ်ဖော်ပြောကြား

မာရီယာဟာရီကိန်း တိုက်ခတ်စဉ်က ပွာတိုရီကို၌ တုံ့ပြန်လုပ်ဆောင်ပေးမှုများကို ထရန့်က ဂုဏ်ဖော်ပြောကြား
Published 13 September 2018

စက်တင်ဘာ ၁၁ ရက်တွင် အိမ်ဖြူတော်၌ ဖလော့ရင့် ဟာရီကိန်းအကြောင်း အစီရင်ခံမှုအပြီး သမ္မတထရန့်က စကားပြောနေစဉ် (Photo: AFP)

ယမန်နှစ်က ပွာတိုရီကိုသို့ မာရီယာ ဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့စဉ်က အမေရိကန်အစိုးရ၏ တုံ့ပြန်လုပ်ဆောင်ပေးမှုများနှင့် ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၁ ရက်တွင် ဂုဏ်ဖော်ပြောကြားခဲ့သည်။

အမေရိကန် အရှေ့ပိုင်းကမ်းရိုးတန်းသို့ အင်အားပြင်း ဟာရီကိန်းမုန်တိုင်းကြီး ဖလော့ရင့်စ် ချဉ်းကပ်လာစဉ် ထရန့်က ယမန်နှစ်က လုပ်ဆောင်ချက်များသည် ‘တိမ်မြုပ်နေသည့် မယုံနိုင်လောက်သော အောင်မြင်မှု’ ဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလက ဝင်ရောက် တိုက်ခတ်ခဲ့သော မာရီယာဟာရီကိန်းကြောင့် ပွာတိုရီကိုတွင် သေဆုံးသူ ၃၀၀၀ နီးပါးရှိပြီး နေရာအနှံ့အပြား၌ ထိခိုက်ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ခဲ့ရကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာဘီလျံ ၉၀ ရှိခဲ့သည်။ မာရီယာသည် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အမေရိကန်သို့ ဝင်တိုက်ခဲ့သည့် မုန်တိုင်းများအနက် တတိယမြောက် ပျက်စီးမှုတန်ဖိုး အများဆုံး မုန်တိုင်းဖြစ်သည်။ အမေရိကန်သမိုင်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်စေခဲ့သည်မှာ ၂၀၀၅ ခုနှစ်က တိုက်ခတ်ခဲ့သော ကတ်ထရီနာ ဟာရီကိန်း ဖြစ်သည်။ သို့သော် ကတ်ထရီနာကြောင့် သေဆုံးသူဦးရေသည် မာရီယာလောက်မများဘဲ ၁၈၃၃ ဦးသာ ရှိခဲ့သည်။

ပွာတိုရီကိုသည် အမေရိကန်ပြည်ထောင်စုထဲတွင် မပါသော်လည်း အမေရိကန်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော လူဦးရေသုံးသန်းကျော် နေထိုင်သည့် နယ်မြေတစ်ခုဖြစ်သည်။ ထရန့်၏ယခုကဲ့သို့ ဂုဏ်ဖော်ပြောကြားမှုနှင့် ပတ်သက်ပြီး ပွာတိုရီကို မြို့တော်ဖြစ်သော ဆန်ဟွမ်မှ မြို့တော်ဝန်မှာ အကြီးအကျယ် ဒေါသပေါက်ကွဲသွားခဲ့သည်။

“ရှင့်အတွက် ကျွန်မရှက်မိပါတယ်။ ပွာတိုရီကိုအတွက် ရှင်ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး” ဟု မြို့တော်ဝန်ကာမန်ယူ လင်ခရုဇ်က ထရန့်အား ရည်ညွှန်းပြီး စီအန်အန်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“လူ ၃၀၀၀ လောက် သူ့မျက်စိအောက်မှာ သေခဲ့ရတာကို သတင်းကောင်းတစ်ခု ဒါမှမဟုတ် တိမ်မြုပ်နေတဲ့ အောင်မြင်မှုတစ်ခုလို့ ထင်နေမယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှချီးမွမ်းမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ပွာတိုရီကို၌ မုန်တိုင်းတုံ့ပြန် လုပ်ဆောင်ချက်များသည့် ထရန့်အစိုးရ၏ စက်ဆုပ်ဖွယ်ကောင်းသော ပေါ့ဆမှုဟုလည်း ၎င်းက ခေါ်ဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent