ဆီးရီးယား၏ အိုင်ဒလစ်ကို သွေးချောင်းစီး လူသတ်ပွဲအဖြစ် မပြောင်းသင့်ကြောင်း ကုလသမဂ္ဂ ပြောကြား

ဆီးရီးယား၏ အိုင်ဒလစ်ကို သွေးချောင်းစီး လူသတ်ပွဲအဖြစ် မပြောင်းသင့်ကြောင်း ကုလသမဂ္ဂ ပြောကြား
Published 13 September 2018

စက်တင်ဘာ ၁၁ ရက်တွင် အိုင်ဒလစ်ပြည်နယ်၌ အတိအကျ မသိရသောနေရာတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုတစ်ခု၌ သူပုန်တိုက်ခိုက်ရေးသမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားနိုင်ငံတွင် သူပုန်များထိန်းချုပ်ထားသော အိုင်ဒလစ်ပြည်နယ်အား ကျယ်ပြန့်သော ထိုးစစ်ဆင်မည့် ဆီးရီးယားအစိုးရနှင့် ၎င်းအား ထောက်ခံသူများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်က စက်တင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့ပြီး အိုင်ဒလစ်ကို သွေးချောင်းစီး လူသတ်ပွဲအဖြစ် မပြောင်းသင့်ကြောင်း ပြောကြားခဲ့သည်။

အိုင်ဒလစ်တွင် ကျယ်ပြန့်သော စစ်ပွဲတစ်ခု ဆင်နွှဲခြင်းအား ရှောင်လွှဲရန် အလွန်အမင်း အရေးပါကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုထိုးစစ်ဆင်မှုသည် သွေးစွန်းနေပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ်ပဋိပက္ခတွင် မကြုံဖူးသော အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အိပ်မက်ဆိုးဖြစ်လာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူသုံးသန်းနေထိုင်သော အိုင်ဒလစ်အား ဆီးရီးယားအစိုးရက ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ရေးအရ ဆောင်ရွက်ရန် အစီအစဉ်များနှင့် ပတ်သက်၍ ပြီးခဲ့သော သီတင်းပတ်တွင် အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ ကျင်းပသည့် သုံးနိုင်ငံထိပ်သီးတွင် ရုရှားနှင့် အီရန်ခေါင်းဆောင်များက တူရကီသမ္မတနှင့် အချင်းများခဲ့ပြီးနောက် ဂူတာရက်စ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားတွင် သူပုန်များက ထိန်းချုပ်ထားနိုင်သော နောက်ဆုံးပြည်နယ်ဖြစ်သည့် အိုင်ဒလစ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကံကြမ္မာအတွက် ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ရန် တူရကီက တိုက်တွန်းခဲ့သော်လည်း ရုရှားနှင့်အီရန်တို့က ပယ်ချခဲ့သည်။

အရပ်သားများအား ကာကွယ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေမှုကို အားစိုက်ရန်အတွက် ဂူတာရက်စ်က အီရန်၊ ရုရှားနှင့် တူရကီတို့ကို မေတ္တာရပ်ခံခဲ့ပြီး ထိုစစ်ပွဲအတွင်း မည်သည့်ဓာတုလက်နက် အသုံးပြုမှုမဆို လုံးဝလက်ခံမည် မဟုတ်ကြောင်းလည်း သတိပေးခဲ့သည်။

အိုင်ဒလစ်တွင် ပြုလုပ်မည့် ထိုးစစ်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးဖြစ်ပြီး အရပ်သားများအား လွတ်မြောက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစောပိုင်း၌ အစီရင်ခံခဲ့သည်။ အိုင်ဒလစ်သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားပြီး ထိုဒေသရှိ လက်နက်ကိုင်အဖွဲ့အချို့အား ထောက်ပံ့သည့် တူရကီက ထိုပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများသည် ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုကို ဖြစ်စေနိုင်ပြီး တူရကီအပြင် ဥရောပရှိ ကျန်နိုင်ငံများနှင့် ယင်းကို ကျော်လွန်၍ ဧရာမလုံခြုံရေး အန္တရာယ်ကို ကြုံရနိုင်ကြောင်း သတိပေးခဲ့သည်။

Ref: AFP

Most Read

Most Recent