ဇနီးဖြစ်သူ၏ အသုဘသို့ တက်ရောက်ရန် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခံဝန်ဖြင့် ထောင်မှခေတ္တ လွတ်မြောက်

ဇနီးဖြစ်သူ၏ အသုဘသို့ တက်ရောက်ရန် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခံဝန်ဖြင့် ထောင်မှခေတ္တ လွတ်မြောက်
Published 13 September 2018

၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်တွင် အစ္စလာမ္မာဘတ်၌ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ်၏ဇနီးက မီဒီယာများကို စကားပြောနေစဉ် (Photo: AP)

ထောင်ကျနေသော ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ်သည် ဇနီးဖြစ်သူ၏ အသုဘသို့ တက်ရောက်ရန်အတွက် ခံဝန်ကတိဖြင့် အကျဉ်းထောင်မှ ယာယီထွက်ခွာ ခွင့်ရခဲ့ကြောင်း အစိုးရနှင့် ပါတီသတင်းရင်းမြစ်တို့က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ကတော်ဟောင်း ကူဆွန်နဝပ်သည် စက်တင်ဘာ ၁၁ ရက်က ကင်ဆာဖြင့် လန်ဒန်တွင် ကွယ်လွန်သွားခဲ့သည်။ ခင်ပွန်းနှင့်သမီးဖြစ်သူတို့ လန်ဒန်မှ ပါကစ္စတန်သို့ ပြန်သွားကာ ခြစားမှုဖြင့် ထောင်ချခံရပြီးနောက် နှစ်လအကြာတွင် ကွယ်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။ ရှရစ်မှာမူ ဒုက္ခပတ်လည်ဝိုင်းနေသော ၎င်း၏ PML-N ပါတီအား ရွေးကောက်ပွဲမတိုင်မီ ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် နေရပ်သို့ပြန်သွားခဲ့ပြီး အဖမ်းခံရခြင်း ဖြစ်သည်။

ရှရစ်နှင့် သမီး မာရီယမ်တို့သည် စက်တင်ဘာ ၁၁ ရက်က ခံဝန်ဖြင့်လွတ်လာခဲ့ကြသည်။ PML-N မှ ထုတ်ပြန်သည့်ဓာတ်ပုံများထဲတွင် ထိုနှစ်ဦးသည်လေယာဉ်ဖြင့် လာဟိုးမြို့သို့ ရောက်ရှိလာကြပုံများကို တွေ့ရသည်။ ဝန်ကြီးချုပ်ဟောင်းကတော်၏ အသုဘ အခမ်းအနားကို လာဟိုးတွင် ကျင်းပမည် ဖြစ်သည်။

ရှရစ်နှင့် သမီးတို့သည် ဈာပနသို့တက်ရန် ကနဦးတွင် ၁၂ နာရီသာ အချိန်ရသော်လည်း ပြည်ထဲရေးဌာနက အချိန်ကို ထပ်တိုးပေးနိုင်သည်ဟု ရာဝါပင်ဒီ ဗဟိုအကျဉ်းထောင်မှ အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ နာရေးကို စက်တင်ဘာ ၁၄ ရက်မှ ကျင်းပမည်ဖြစ်သဖြင့် ရှရစ်တို့သားအဖ၏ ခံဝန်ကတိဖြင့် လွတ်မြောက်သည့် ကာလသည် နာရေးပြီးသည်အထိဖြစ်လိမ့်မည်ဟု ပါကစ္စတန် မီဒီယာများတွင် ဖော်ပြခဲ့သည်။

အသက် ၆၈ နှစ်အရွယ် ကူဆွန်နဝပ်သည် ခင်ပွန်းဖြစ်သူ၏ ဆယ်စုနှစ်များစွာ ကြာမြင့်သော နိုင်ငံရေးသက်တမ်းတစ်လျှောက်လုံး အတူရပ်တည်ပေးခဲ့သူ ဖြစ်သည်။ ရှရစ်သည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တိုင်တိုင် ရွေးကောက်ခံခဲ့ရသူဖြစ်သည်။

ကူဆွန်နဝပ်သည် ၂၀၁၇ ခုနှစ် စက်တင်ဘာမှ ၂၀၁၈ ဇူလိုင်အထိ ပါလီမန် အမတ်အဖြစ် ခေတ္တခဏထမ်းဆောင်ခဲ့သေးသည်။ တရားရုံးချုပ်က ရှရစ်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် လစ်လပ်သွားသော ရှရစ်၏ လွှတ်တော်အမတ်နေရာတွင် ဝင်ရောက်ထမ်းဆောင်ရန် ကူဆွန်နဝပ်မှာ ရွေးကောက်ပွဲနိုင်ခဲ့ခြင်းဖြစ်သည်။

ကူဆွန်နဝပ်သည် ပြန်ရည်ဂလင်း ကင်ဆာရောဂါရှိနေကြောင်း ပြီးခဲ့သည့် သြဂုတ်လက တွေ့ရှိခဲ့ပြီးနောက် လန်ဒန်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် လပေါင်းများစွာ ဆေးကုသမှု ခံယူခဲ့သည်။ ရှရစ်မှာမူ ဇနီးဖြစ်သူတွင် ကင်ဆာဖြစ်နေကြောင်း မတွေ့ရှိမီ တစ်လအလိုတွင် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။

ကူဆွန်နဝပ်သည် မကွယ်လွန်မီ လပေါင်းများစွာ ကိုမာဝင်နေခဲ့ကြောင်း သိရသည်။ ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရန် ခန်းသည် ကူဆွန် နဝပ်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရသည် တရားဥပဒေနှင့်အညီ အကူအညီများ ပေးသွားမည်ဟုလည်း ဆိုသည်။ “ဂုဏ်သိက္ခာကြီးပြီး သတ္တိရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ သူဟာ ရောဂါကို ဇွဲနပဲရှိရှိနဲ့ ရင်ဆိုင်သွားပါတယ်” ဟု ခန်းက Twitter တွင် ရေးသားခဲ့သည်။

Ref: AFP

Most Read

Most Recent