အေပက်ထိပ်သီးလုံခြုံရေးအတွက် သြစတြေးလျ အထူးတပ်ဖွဲ့များအား ပါပူအာနယူးဂီနီတွင် တပ်ဖြန့်ထား

အေပက်ထိပ်သီးလုံခြုံရေးအတွက် သြစတြေးလျ အထူးတပ်ဖွဲ့များအား ပါပူအာနယူးဂီနီတွင် တပ်ဖြန့်ထား
Published 13 September 2018

၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဆစ်ဒနီ၌ တပ်သားသစ်စုဆောင်းရေး ပိုစတာတစ်ခုရှေ့တွင် လေတပ်အထူးတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (Photo: Reuters)

နိုဝင်ဘာလတွင် ပါပူအာနယူဂီနီ၏ မြို့တော် Post Moresby ၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး (APEC) အတွက် လုံခြုံရေးချထားမှု တစ်စိတ်တစ်ပိုင်း အနေဖြင့် သြစတြေးလျက ၎င်း၏အထူးတပ်ဖွဲ့များကို စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ပစိဖိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပါပူအာနယူးဂီနီနိုင်ငံ၏ စစ်တပ်မှာ နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကြီး၏ လုံခြုံရေးတွင် ပြည့်စုံလုံလောက်စွာ မလုပ်ဆောင်ထားသည့်အတွက် သြစတြေးလျက ပါပူအာနယူးဂီနီသို့ တပ်ဖွဲ့များစေလွှတ်၍ ကူညီပေးခြင်းဖြစ်သည်။

သြစတြေးလျ အထူးတပ်ဖွဲ့များအား မြို့တော် Post Moresby တွင် တပ်ဖြန့်ထားပြီးဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၂ - ၁၉ ထိပ်သီး ညီလာခံတက်ရောက်မည့်သူများ ယာယီတည်းခိုနေထိုင်ရန်အတွက် ငှားရမ်းထားသည့် ခရီးသည်တင် သင်္ဘောကြီးများကို ကာကွယ်ပေးရန် သြစတြေးလျ စစ်သင်္ဘောကြီးများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သြစတြေးလျရုပ်သံလိုင်း Australian Broadcasting Corporation က ဖော်ပြခဲ့သည်။ ခရီးသည်တင် သင်္ဘောကြီးများသည် အကြမ်းဖက် တိုက်ခိုက်မှုများအား ကာကွယ်နိုင်မှု အားနည်းခြင်းကြောင့် သြစတြေးလျ အထူးတပ်ဖွဲ့များပါရှိသော သင်္ဘောများအား ပင်လယ်ပြင်တွင် တပ်ဖြန့်ထားမည်ဖြစ်သည်။

သြစတြေးလျစစ်ဘက်နှင့် အထူးတပ်ဖွဲ့များသည် ပါပူအာနယူးဂီနီကာကွယ်ရေးတပ်ဖွဲ့ (PNGDF) အား အကူအညီပေးရန် အဆင်သင့်ဖြစ်နေပြီး အေပက်ထိပ်သီးဆွေးနွေးပွဲ၏ လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ဆောင်မှုများကို အကောင်းဆုံး ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသော သြစတြေးလျ အထူးတပ်ဖွဲ့၏ တပ်မှူးတစ်ဦးအား ကိုးကား၍ သြစတြေးလျ ရုပ်သံက ထုတ်ပြန်ခဲ့သည်။

အေပက်ထိပ်သီးသည် အာရှ-ပစိဖိတ်ဒေသတစ်လျှောက် လွတ်လပ်စွာ ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ပစိဖိတ်အနားသတ်နိုင်ငံ ၂၁ နိုင်ငံက ဆွေးနွေးကြသည့် ညီလာခံဖြစ်ပြီး ထိုနိုင်ငံ ၂၁ နိုင်ငံ၏ စုစုပေါင်း ဂျီဒီပီ ရာခိုင်နှုန်းမှာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းဖြင့် ညီမျှသည်။

အေပက်ထိပ်သီးသို့ တရုတ်သမ္မတရှီ ကျင်းပင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်တို့ တက်ရောက်မည်ဖြစ်သည်။ အဆိုပါထိပ်သီးသည် Post Moresby မြို့တွင် ကျင်းပမည့် အကြီးမားဆုံး ညီလာခံကြီး ဖြစ်လာမည်ဖြစ်ပြီး Post Moresby မြို့သည် အတိတ်ကာလက ရာဇဝတ်မှုများနှင့် အုပ်စုဖွဲ့အကြမ်းဖက်သမားများ ထူပြောရာမြို့လည်း ဖြစ်ခဲ့သည်။

ကမ္ဘာပေါ်တွင် နေထိုင်ရန် အသင့်တော်ဆုံးသောနိုင်ငံပေါင်း ၁၄၀ တွင် ပါပူအာနယူးဂီနီသည် အဆင့် ၁၃၆ တွင်ရှိကြောင်း Economist Intelligence Unit က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။ ပါပူအာနယူးဂီနီဝန်ကြီးချုပ် ပီတာအိုနေးက အေပက်ထိပ်သီးအတွက် လုံခြုံသောပတ်ဝန်းကျင်တစ်ခု ပံ့ပိုးပေးသွားမည်ဖြစ်ကာ ပါပူအာနယူးဂီနီအား ယဉ်ကျေးမှုထွန်းကားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုအဖြစ် ပြသပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent