နျူကလီးယား ဖျက်သိမ်းမှုအတွက် မြောက်ကိုရီးယားကို လုံခြုံရေး အာမခံချက်ပေးသင့်ကြောင်း ပူတင်တိုက်တွန်း

နျူကလီးယား ဖျက်သိမ်းမှုအတွက် မြောက်ကိုရီးယားကို လုံခြုံရေး အာမခံချက်ပေးသင့်ကြောင်း ပူတင်တိုက်တွန်း
Published 13 September 2018

စက်တင်ဘာ ၁၂ ရက်တွင် ဗလာဒီဗိုစတော့၌ Eastern Economic Forum တွင် တရုတ်သမ္မတရှီကျင်ပင်း (ယာ)၊ ရုရှားသမ္မတပူတင် (လယ်) နှင့် ဂျပန်ဝန်ကြီးချုပ် အာဘေး(ဝဲ) တို့ကို တွေ့ရစဉ် (Photo: AFP)

နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ရန်အတွက် မြောက်ကိုရီးယားကို လုံခြုံရေး အာမခံချက်များပေးရမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ သူရဲ့နျူကလီးယား ဖျက်သိမ်းရေးအတွက် လုံခြုံရေးအာမခံမှုတွေ ပြန်ရရမယ်။ မြောက်ကိုရီးယားဟာ တုံ့ပြန်အချက်ပြမှုတစ်ခုခုကို စောင့်နေတယ်ဆိုတာ ရှင်းပါတယ်” ဟု ပူတင်က နိုင်ငံအရှေ့ပိုင်း ဗလာဒီဗိုစတော့တွင် ပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ်အတွင်း ပြောခဲ့သည်။ “ကျွန်တော်တို့ဟာ မြောက်ကိုရီးယားထံကနေ ရနိုင်သမျှအားလုံးကို တောင်းဆိုပြီး သူ့ကိုကျတော့ ဘာမှပြန်မပေးသလို ဖြစ်နေပါတယ်” ဟု ပူတင်က တရုတ်သမ္မတရှီကျင်ပင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ပါ တက်ရောက်သည့် ထိုအခမ်းအနားတွင် ပြောခဲ့သည်။

ဇွန်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ကြားတွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ ကမ်းလှမ်းမှုများနှင့်အတူ နိုင်ငံတကာ၏ အာမခံချက်များ အတူပါမှသာ သင့်လျော်မည်ဟု ပူတင်က ဆိုသည်။

ဗလာဒီဗိုစတော့တွင် ကျင်းပသည့် စီးပွားရေးဖိုရမ်တွင် မြောက်ကိုရီးယားနျူကလီးယား အရေးကိစ္စမှာ အဓိကအကြောင်းအရာ တစ်ခု ဖြစ်နေခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးကလည်း မြောက်ကိုရီးယားအစိုးရသည် ပြန်ပေးဆွဲသွားသော ဂျပန်နိုင်ငံသားများအရေး၊ နျူကလီးယားနှင့် ဒုံးကျည်အရေးတို့ကို ဖြေရှင်းမည်ဆိုပါက မြောက်ကိုရီးယားကို ငွေကြေးအကူအညီများ ပံ့ပိုးရန် အသင့်ဖြစ်နေသည်ဟု စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

ရုရှားနှင့် ဂျပန်ကြား၌ ငြိမ်းချမ်းသဘောတူညီချက်တစ်ခု ယခုနှစ်ကုန်တွင် ရရှိနိုင်

ကာလရှည်ကြာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းအား ဖြေရှင်းရန်အတွက် ရုရှားနှင့် ပူတင်တို့သည် ယခုနှစ်ကုန်တွင် ကြိုတင်သတ်မှတ်ချက်မပါဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု၌ လက်မှတ်ရေးထိုးနိုင်သည်ဟု ပူတင်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ပူတင်သည် ကူရေးကျွန်းစုအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံကြားမှ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု ပြောကြားပြီး နှစ်ရက်အကြာမှာပင် ယခုကဲ့သို့ ဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးစားနေကြတာ နှစ် ၇၀ ရှိနေပါပြီ။ ချဉ်းကပ်ပုံတွေကို ပြောင်းလိုက်ကြစို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု အပြီးသတ်ချုပ်လိုက်ကြစို့ ဆိုပြီး ရှင်ဇိုကပြောခဲ့တယ်။ အခုတော့ မဟုတ်ပေမယ့် အခုနှစ်ကုန်လောက်ကျရင် ကြိုတင် သတ်မှတ်ချက်မရှိဘဲ လုပ်ဆောင်နိုင်မှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချုပ်ဆိုပြီးစီးပါက နှစ်နိုင်ငံကြားမှ ကြွေးတင်နေသော ပြဿနာများကို မိတ်ဆွေများကဲ့သို့ ဆက်လက် ဖြေရှင်းနိုင်စေမည်ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်အာဘေးကမူ ၎င်းတို့နှစ်နိုင်ငံသည် အနာဂတ်မျိုးဆက်များအတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent