<

ဘရာဇီးသမ္မတရွေးကောက်ပွဲမှ လူလာနုတ်ထွက်ပြီး ဆော်ပေါ်လို မြို့တော်ဝန်ဟောင်းဟက်ဒက် အစားဝင်လာ

စက်တင်ဘာ ၁၁ ရက်တွင် ဘရာဇီးတောင်ပိုင်း၌ အလုပ်သမားပါတီ၏ သမ္မတကိုယ်စားလှယ်လောင်း ဟက်ဒက် (၀ဲ) နှင့် ဒုသမ္မတကိုယ်စားလှယ်လောင်း မန်နျူလာဒီအဗီလာ (လယ်) ကို တွေ့ရစဉ် (Photo: AFP)

ဘရာဇီးသမ္မတဟောင်း လူးဝစ်အင်နာစီယို လူလာဒါဆေးဗားသည် ၎င်း၏ရွေးကောက်ပွဲဝင်ပြိုင်ဘက်ဖြစ်သော ဖာနန်ဒို ဟက်ဒက်အား ၎င်း၏ကိုယ်စား သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။ ထောင်ကျနေသော လူလာသည် လာမည့်လတွင် ကျင်းပမည့် ဘရာဇီးသမ္မတ ရွေးကောက်ပွဲ၌ ၀င်ပြိုင်ခွင့် ပိတ်ခံထားရသူ ဖြစ်သည်။

အသက် ၇၂ နှစ်အရွယ် လူလာသည် ခြစားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကို နိုင်ငံတောင်ပိုင်းရှိ ကူရီတီဘာမြို့တွင် ဧပြီလကတည်းက ကျခံနေရသည်။ ယခုကဲ့သို့ လူစားလဲရေးကို ကူရီတီဘာမြို့တွင် ကျင်းပခဲ့သော အလုပ်သမားပါတီ အစည်းအဝေးတစ်ခု၌ စက်တင်ဘာ ၁၁ ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

လူလာအား ထောက်ခံသူရာပေါင်းများစွာသည် လူလာ အကျဉ်းကျခံနေရသည့် ထောင်အနီးတွင် စုဝေးခဲ့ကြစဉ် ဖာနန်ဒို ဟက်ဒက်သည် ၎င်း၏ဆရာက ၎င်းကို ဆက်ခံသူအဖြစ် သတ်မှတ်လိုက်ကြောင်း ရေးထားသည့်စာကို ဖတ်ပြခဲ့သည်။ “ခေါင်းကိုမော့၊ လမ်းပေါ်ကိုဆင်းပြီး ရွေးကောက်ပွဲကိုနိုင်ရမယ့် အချိန်ရောက်ပါပြီ” ဟု ဟက်ဒက်က ထောက်ခံသူများကို ပြောကြားခဲ့သည်။

ရေပန်းစားသော်လည်း ထောက်ခံသူနှင့် မထောက်ခံသူကြား၌ နှစ်ခြမ်းကွဲလွန်းသော သမ္မတဟောင်းလူလာကို လာမည့်သမ္မတရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့် မရှိဟု ဘရာဇီးရွေးကောက်ပွဲခုံရုံးက လွန်ခဲ့သည့် သီတင်းနှစ်ပတ်နီးပါးတွင် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော လူလာ မရှိတော့သဖြင့် ပြိုင်ပွဲတွင် ၀ရုန်းသုန်းကားများဖြစ်ခဲ့ကြကာ လက်ယာယိမ်း လူကြိုက်များရေးဝါဒီ ဂျေယာဘော်ဆွန်နာရိုက ဦးဆောင်ခဲ့သည်။

လူလာကဲ့သို့ပင် ကြိုက်သူ မကြိုက်သူများကြား၌ နှစ်ခြမ်းကွဲလွန်းသည့် ဘော်ဆွန်နာရိုမှာမူ ပြီးခဲ့သည့်သီတင်းပတ်က မဲဆွယ်စည်းရုံးမှုအတွင်း ဓားဖြင့်ထိုးခံလိုက်ရသည်။ ဘော်ဆွန်နာရိုသည် ရွေးကောက်ပွဲနေ့အထိ လူထုစုဝေးပွဲများတွင် ပေါ်လာဖွယ် မရှိတော့သော်လည်း ရွေးကောက်ပွဲမှ နုတ်ထွက်ခြင်းမရှိသေးပေ။

လူလာနေရာကို အစားဝင်လာသော ဟက်ဒက်သည် ဆော်ပေါ်လို မြို့တော်ဝန်ဟောင်းဖြစ်ပြီး လူလာ သမ္မတဖြစ်စဉ်က ပညာရေးဝန်ကြီးဖြစ်ခဲ့သူဖြစ်သည်။

ဟက်ဒက်သည် ၎င်း၏ နိုင်ငံရေးလုပ်သက်ကြောင့် ယခုကဲ့သို့ အလုပ်သမားပါတီ၏ ဗဟိုချက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း လူလာ၏ လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်သော အသက် ၅၅ နှစ်အရွယ် ဟက်ဒက်သည် လူလာကဲ့သိုလည်း ကျော်ကြားမှုမရှိပေ။ ဟက်ဒက်သည် ရွေးကောက်ပွဲ ဒုတိယအကျော့အထိ ရောက်နိုင်လိမ့်မည်ဟု အလုပ်သမားပါတီက မျှော်လင့်ထားသည်။

စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သော လူထုသဘောထား စစ်တမ်းတစ်ခုအရ ဟက်ဒက်သည် ထောက်ခံမှု ကိုးရာခိုင်နှုန်း ရရှိထားပြီး ပြီးခဲ့သည့်လကထက် ငါးရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဓားထိုးခံရသော ဘော်ဆွန်နာရိုမှာ ၂၆ ရာခိုင်နှုန်း ရရှိထားသည်။

Ref: AFP

September 12, 2018














Copy Protected by Chetan's WP-Copyprotect.