ဥရောပသမဂ္ဂသည် ပိုမိုအားကောင်းသော ကမ္ဘာ့ဦးဆောင်သူနေရာကို ယူသင့်ကြောင်း ယန်ကာတိုက်တွန်း

ဥရောပသမဂ္ဂသည် ပိုမိုအားကောင်းသော ကမ္ဘာ့ဦးဆောင်သူနေရာကို ယူသင့်ကြောင်း ယန်ကာတိုက်တွန်း
Published 13 September 2018

စက်တင်ဘာ ၁၂ ရက်တွင် ပြင်သစ်အရှေ့ပိုင်းရှိ ဥရောပပါလီမန်၌ ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်ကာက မိန့်ခွန်းပြောနေစဉ် (Photo: AFP)

ဥရောပသည် ၎င်း၏ စီးပွားရေးအင်အားနှင့် ကိုက်ညီသည့် ပိုမိုအားကောင်းသော ပြည်ပမူဝါဒနှင့်အတူ ကမ္ဘာ၌ဦးဆောင်သည့် နေရာကိုယူသင့်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာက ဥရောပ ပါလီမန်ကို စက်တင်ဘာ ၁၂ ရက်တွင် နှစ်စဉ်ပြောကြားနေကြမိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။ ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲများအား ရင်ဆိုင်နေရစဉ် နိုင်ငံတကာစင်မြင့်၌ ဥရောပက ရပ်တည်သင့်ကြောင်း ယန်ကာက ဥရောပပါလီမန်သို့ ပြောကြားသည့် မိန့်ခွန်းတွင် အမေရိကန်သာ ပထမမူဝါဒ ကျင့်သုံးနေသည့် သမ္မတဒေါ်နယ်ထရန့်ကို ဝေဖန်ခဲ့သည်။

အားကောင်းသော သံတမန်ရေးရာ ကြိုးပမ်းမှုဆောင်ရွက်ရန် ဥရောပ၏ စွမ်းရည်သည် အဖွဲ့ဝင် ၂၈ နိုင်ငံအကြား သဘောတူညီချက်ရရှိရန် လိုအပ်မှုက အမြဲတမ်း အဟန့်အတား ဖြစ်စေခဲ့ပြီး ထိုလုပ်ငန်းစဉ် ရိုးရှင်းစေရန်အတွက် ပြည်ပမူဝါဒကိစ္စအချို့တွင် အဖွဲ့ဝင်အားလုံး၏ ထောက်ခံမှု လိုအပ်သည့်အချက်ကို ဖျက်သိမ်းရန် အစီအစဉ်ကို ယန်ကာက ကြေညာခဲ့သည်။

ကုန်သွယ်ရေးစည်းကြပ်ခွန်များ ချမှတ်မှုမှသည် ပါရီရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး သဘောတူညီချက်နှင့် အီရန်နျူကလီးယား သဘောတူညီချက်အထိ အဓိကကိစ္စ အများအပြားတွင် ဘရပ်ဆဲနှင့် ဝါရှင်တန်တု့ိအကြား လိပ်ခဲတည်းလည်း ဖြစ်နေစဉ် ယခုအချိန်သည် ဥရောပက ကမ္ဘာ့စင်မြင့်၌ ပိုမိုသြဇာလွှမ်းမိုးနိုင်သည့် ကဏ္ဍမှ ပါဝင်ရန် အချိန်ကျပြီဖြစ်ကြောင်း ယန်ကာက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ယူရိုငွေကြေးကိုလည်း ကမ္ဘာသုံးငွေကြေးအဖြစ် သုံးစွဲနိုင်ရန်အတွက် ပိုမိုတွန်းအားပေးသင့်ကြောင်း ယန်ကာက ပြောကြားခဲ့ပြီး ဥရောပသည် အမေရိကန်ထံမှ စွမ်းအင်တင်သွင်းမှု နှစ်ရာခိုင်နှုန်းသာ ရှိနေချိန်တွင် ပေးချေမှု၏ ရာခိုင်နှုန်း ၈၀ အား ဒေါ်လာဖြင့် ပေးချေနေမှုကို ၎င်းက မေးခွန်းထုတ်ခဲ့သည်။ ယူရိုငွေကြေးကို အရန်ငွေကြေးအဖြစ် မြှင့်တင်ခြင်းဖြင့် ဥရောပသည် ၎င်းတု့ိသဘောမတူသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် နည်းလမ်းတစ်ခုအဖြစ် ဘရပ်ဆဲ၏ သံတမန်ရေးရာအင်အားကို အားကောင်းစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ယန်ကာက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု အပါအဝင် အလုပ်အကိုင် သန်းပေါင်းများစွာ ဖန်တီးမည့် အာဖရိကနှင့် မိတ်ဖက်သစ် ထူထောင်ရန်လည်း ယန်ကာက တိုက်တွန်းခဲ့သည်။ ယင်းကဲ့သို့ သဘောတူညီချက် ရရှိပါက ဘရပ်ဆဲသည် အပြည်ပြည်ဆိုင်ရာ၌ သြဇာလွှမ်းမိုးရန်အပြင် မြေထဲပင်လယ်ကို ဖြတ်သန်း၍ ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် ဝင်ရောက်နေမှုကို ဟန့်တားရာတွင်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း မျှော်လင့်ထားသည်။

ဥရောပ၌ မြှင့်တက်လာသော လူအများကြိုက်ဝါဒီ အင်အားစုများက ဗဟိုဝါဒီများအား ဘက်ပြိုင်မည့် လာမည့်နှစ်မေ ရွေးကောက်ပွဲများမတိုင်မီ ယန်ကာက ၎င်း၏ အဖွဲ့အခြေပြု မိန့်ခွန်းကို နောက်ဆုံးပြောကြားခဲ့ခြင်း ဖြစ်သည်။ လူအများကြိုက်ဝါဒီ၊ အမျိုးသားရေးဝါဒီနှင့် ဥရောပအား သံသယရှိသူများသည် နိုင်ငံအများအပြားတွင် အင်အားကောင်းလာနေသည်။

၂၀၁၅ ခုနှစ်တွင် ဥရောပ၌ အဆိုးရွားဆုံး ရွှေ့ပြောင်းအခြေချ အကျပ်အတည်း ကြုံတွေ့ခဲ့ပြီးနောက်ပိုင်း လူအများကြိုက်ဝါဒီများကို အင်အားကောင်းစေခဲ့သည့် တရားမဝင် ရွှေ့ပြောင်းအခြေချ ဝင်ရောက်မှုအား ဟန့်တားနိုင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂ၏ ပြင်ပနယ်စပ်များကို ကာကွယ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဥရောပနယ်စပ်အစောင့်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို တိုးမြှင့်ချထားရန် အဆိုပြုကြောင်း ယန်ကာက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent