ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကော်မရှင်ကို ဘန်ကီမွန်းနှင့် ဘီလ်ဂိတ် ဦးဆောင်မည်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကော်မရှင်ကို ဘန်ကီမွန်းနှင့် ဘီလ်ဂိတ် ဦးဆောင်မည်
Published 12 September 2018

၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် နယူးယောက်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) နှင့် ဘီလ်ဂိတ်တို့ နှုတ်ဆက်နေကြစဉ် (Photo -AFP)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် ဘီလျံနာစီးပွားရေး လုပ်ငန်းရှင်နှင့်ပရဟိတသမား ဘီလ်ဂိတ်တို့က လာမည့်လတွင်စတင်မည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာကော်မရှင်တစ်ခုကို ဦးဆောင်မည်ဟု နယ်သာလန် အစိုးရက စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နယ်သာလန်အစိုးရက စီစဉ်သည့် Global Center  on Adaptation က World Resources Institute       နှင့် ပူးတွဲစီစဉ်သည့် ယင်းကော်မရှင်သည် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များအတွက် အသင့်ပြင်ဆင်ထားရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို  သိမ်းသွင်းစည်းရုံးရန် ကြိုးစားမည်ဟု နယ်သာလန် အခြေခံအဆောက်အအုံနှင့် ရေစီမံခန့်ခွဲရေးဝန်ကြီး Cora van Nieuwenhuizen က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်အမှုဆောင်အရာရှိချုပ် Kristalina Georgieva သည်လည်း ရော့တာဒမ်အခြေစိုက် ယင်းကော်မရှင်ကို ကြီးကြပ်မည်ဖြစ်သည်။  ယင်းကော်မရှင်သည်  အစိုးရများနှင့် အစိုးရအဖွဲ့အချင်းချင်း ချိတ်ဆက်သည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများချိတ်ဆက်ပြီး ရာသီဥတု ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် အဖြေများစေ့စပ်ညှိနှိုင်းရှာဖွေသည့် ကော်မရှင်အဖြစ် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ သတိပြုနိုင်ဖို့ လိုက်လျောညီထွေမှု ရှိအောင်လုပ်ဆောင်ဖို့ မျှော်မှန်းထားပါတယ်” ဟု Nieuwenhuizen က ပြောကြားခဲ့သည်။

ရာသီ ဥတုပြောင်းလဲအတွက် ခုခံနိုင်မှု အနည်းဆုံး ဇုန်များအား ကာကွယ်စောင့်ရှောက်ရန် လာမည့်နှစ်စက်တင်ဘာတွင် လုပ်ဆောင်မည့် စီမံချက်တစ်ခုကိုလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းကော်မရှင်သည် လိုက်လျောညီထွေမှုရှိရေးကို အရှိန်မြှင့်လုပ်ဆောင်ရန်အတွက် ကမ္ဘာတစ်ဝန်းမစ်ရှင်တစ်ခုကို  စတင်လုပ်ဆောင်ခဲ့ဟု ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ဘန်ကီမွန်း၊ မိုက်ခရိုဆော့တည်ထောင်သူ ဘီလ်ဂိတ်နှင့် Georgieva တို့သည်  ယင်းကော်မရှင် တရားဝင်စတင်မှု ညှိနှိုင်းဆွေးနွေးပွဲအတွက် အောက်တိုဘာ ၁၆ ရက်တွင် နယ်သာလန်သို့ သွားရောက်မည် ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန် သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ပြည်နယ် ၁၇ ခုက ၎င်းကို ထိပ်တိုက်ရင်ဆိုင်မည်ဟု ကတိပြုမှုနှင့်အတူ အဆိုပါကော်မရှင်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ပါရီသဘောတူညီမှုကို ထောက်ပံ့ရန် ရည်ရွယ်ပြီး ယခုသီတင်းပတ်တွင် သုံးရက်ကြာပြုလုပ်မည့် Global Climate Action ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ထောင်နှင့်ချီသော ကိုယ်စားလှယ်များသည် ဆန်ဖရန် စစ္စကိုသို့ ရောက်ရှိနေပြီဖြစ်သည်။

Ref ; AFP

Most Read

Most Recent