<

ဂျပန်နှင့် ပိုင်နက်အငြင်းပွားမှုကို မြန်မြန်ဆန်ဆန်ဖြေရှင်းရန် မဖြစ်နိုင်ဟု ပူတင်ပြောကြား

စက်တင်ဘာ ၁၀ ရက်တွင် ဗလာဒီဗိုစတော့၌ ဂျပန်ဝန်ကြီးချုပ် အာဘေး(၀ဲ)အား ရုရှားသမ္မတ ပူတင်(ယာ)က စကားပြောနေစဉ် (Photo – AFP)

ရုရှားနှင့် ဂျပန်တို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြသော ကူရေးကျွန်းစုအရေးကိစ္စအား မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ပူတင်၏ ပြောစကားသည် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဂျပန်၏ ပိုမိုအကောင်းမြင်မှုရှိသော မျှော်မှန်းချက်အား စိတ်ပျက်အားလျော့အောင် လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းနေကြတာ ဆယ်စုနှစ်များစွာရှိနေပါပြီ။ ဒါကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မယ်လို့ တွေးတာဟာ မသိနားမလည်ရာ ရောက်ပါတယ်” ဟု ပူတင်က ပြောခဲ့သည်။ ပူတင်သည် ရုရှားအရှေ့ဘက်စွန်းရှိ ဗလာဒီဗိုစတော့ စီးပွားရေးဖိုရမ်၏ ဘေးဆွယ်၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့ပြီး ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ရုရှားရော ဂျပန်အတွက်ပါ အလုပ်ဖြစ်စေပြီး နှစ်ဖက်စလုံးက ပြည်သူတွေ လက်ခံနိုင်မယ့် အဖြေတွေကိုရှာဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါတယ်” ဟု ပူတင်က ဆိုခဲ့ပြီး ယခုကဲ့သို့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်ဆံရေးကောင်းအတွက် တွန်းအားသစ် ဖြစ်လာစေလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သေးသည်။

ရုရှားတောင်ပိုင်းစွန်းရှိ ကူရေးကျွန်းစုကို ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက် ယူနီယံက သိမ်းလိုက်ပြီး ဂျပန်ကမူ ၎င်းတို့ အပိုင်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ပူတင်၏ ပြောကြားချက်အရ ရုရှားနှင့် ဂျပန်တို့သည် ကူရေးကျွန်းစုထဲရှိ ကျွန်းလေးကျွန်းပေါ်၌ စီးပွားရေးဆက်သွယ်မှုနှင့် ပူးပေါင်းမှုတို့ကိုတည်ထောင်ခြင်းဖြင့် တိုးတက်မှုအချို့ကို လုပ်ဆောင်နိုင်ခဲ့ပြီဟု သိရသည်။ သို့သော် ယင်းပြဿနာကြောင့်ပင် ရုရှားနှင့် ဂျပန်ကြား၌ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု၌ လက်မှတ်မထိုးနိုင်သေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်းက အာဘေးနှင့် ပူတင်ကြားတွင် ဆွေးနွေးမှုများစွာ လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့သည်ကျွန်းစုပေါ်တွင် ငါးနှင့် ဂုံးမွေးမြူရေး၊ လေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် စီးပွားရေးစီမံကိန်းများကို စတင်နိုင်ခဲ့ကြသည်။ပြီးခဲ့သည့်နှစ်ကမူ ထိုကျွန်းစုပေါ်ရှိ ဂျပန်ကျွန်းသားဟောင်းများ၏ အုတ်ဂူများထံသို့ ဂျပန်မှ မိသားစုဝင်များ လာရောက်နိုင်စေရန် လေယာဉ်ပြေးဆွဲပေးရေးအတွက် သဘောတူခဲ့ကြသည်။

“ဒီကိစ္စကို ပြီးပြတ်အောင် ကျွန်တော်ဟာ သမ္မတပူတင်နဲ့အတူ အစွမ်းကုန်ဆက် လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု အာဘေးက ထိပ်သီးဆွေးနွေးပွဲပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်ဟု ဂျပန်၏ ကျိုဒိုသတင်းဌာနမှ ဖော်ပြခဲ့သည်။

ဗလာဒီဗိုစတော့ စီးပွားရေးဖိုရမ်စတင်ပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်၌ အရှေ့ဆိုက်ဘေးရီးယားတွင် တရုတ်စစ်သားများအပါအ၀င် တပ်သား ၃၀၀၀၀၀ ခန့်ပါသော ကြီးမားသည့် ရုရှားစစ်ရေးလေ့ကျင့်မှုကြီး စတင်ကျင်းပခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုကြီးကို အငြင်းပွား ကျွန်းစုတွင် ကျင်းပမည်မဟုတ်ဟု ရုရှားအစိုးရက ဆိုသည်။

September 11, 2018














Copy Protected by Chetan's WP-Copyprotect.