ဒုတိယမြောက် ထိပ်သီးကျင်းပရန် ကြိုးပမ်းနေသည့် ကင်ဂျုံအွန်ထံမှ ပေးစာတစ်စောင်ကို ထရန့်က လက်ခံရရှိ

ဒုတိယမြောက် ထိပ်သီးကျင်းပရန် ကြိုးပမ်းနေသည့် ကင်ဂျုံအွန်ထံမှ ပေးစာတစ်စောင်ကို ထရန့်က လက်ခံရရှိ
Published 12 September 2018

စက်တင်ဘာ ၁၀ ရက်တွင် ပြုံယမ်းရှိ မန်ဆူဒဲအနုပညာပြတိုက်သို့ သွားရောက်ခဲ့သည့် ကင်ဂျုံအွန်(လယ်)နှင့် ဇနီးဖြစ်သူ (ယာ)တို့ကို တွေ့ရစဉ် (Photo - AFP)

စင်ကာပူတွင် ပထမဆုံးအကြိမ် သမိုင်းဝင်ထိပ်သီး ကျင်းပခဲ့အပြီး နောက်ထပ်ထိပ်သီးကို ကျင်းပရန် ကြိုးပမ်းနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ အလွန်အပြုသဘောဆောင်သော ပေးစာတစ်စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်ခံရရှိခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာသည် အလွန်နွေးထွေးပြီး အပြုသဘောဆောင်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအား အာရုံစိုက်ရန် ပြုံယမ်း၏ ဆက်လက်ကတိပြုထားမှုကို သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့သည်။

ထိုစာ၏ မူလရည်ရွယ်ချက်မှာ ထရန့် နှင့် နောက်ထပ်ထိပ်သီးတစ်ခုကျင်းပရန်ဖြစ်ပြီး ထိုကိစ္စအတွက် တံခါးဖွင့်ထားပြီး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဆန်းဒါးစ်က သီတင်းပတ်သုံးပတ်နီးပါးအတွင်း အိမ်ဖြူတော်တွင် ပထမဆုံးအကြိမ် သတင်းထုတ်ပြန်မှု၌ ပြောကြားခဲ့သည်။ ထိုစာသည် ပြုံယမ်းနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေး၌  တိုးတက်မှုရှိကြောင်း၊ နောက်ထပ်သက်သေတစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်ဆံရေးတိုးတက်မှုရှိခြင်းအတွက်  ဝမ်းမြောက်ကြောင်း ဆန်းဒါးစ်က ပြောကြားခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းအတွက် ထရန့်သည် ချီးကျူးဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက အမေရိကန်ဓား စာခံများအား ပြန်လွှတ်ပေးခြင်း၊ ကိုရီးယားစစ်ပွဲတွင် သေဆုံးခဲ့သည်ဟု ယူဆရသည့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ပြန်လွှဲပေးခြင်း၊ နျူကလီးယားနှင့် ဒုံးစမ်း သပ်မှုများအား ရပ်ဆိုင်းထားခြင်းတို့ အပါအဝင် မကြာသေးမီလများအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ၌ တိုးတက်မှုရရှိခဲ့သည့် အခြေအနေများကို အိမ်ဖြူတော်က မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၉ ရက်၌ မြောက်ကိုရီးယားက နိုင်ငံထူထောင်မှု နှစ် (၇၀) ပြည့် အခမ်းအနားတွင် ဧရာမစစ်ရေးပြမှု၌ တိုက်ချင်းပစ်ဒုံးများအား ထည့်သွင်းပြသခြင်း မပြုခဲ့ပေ။

မြောက်ကိုရီးယား၏ ယင်းလုပ်ရပ်သည် အလွန်ကြီးကျယ်ပြီး အပြုသဘောဆောင်သည့် ထုတ်ပြန်မှုဖြစ်ကြောင်း ထရန့်က ကင်၏ လုပ်ရပ်ကို Twitter  တွင် ချီးကျူးပြောကြားခဲ့သည်။

ထရန့်-ကင် ထိပ်သီးအား ဝါရှင်တန်တွင် မည်သည့်အချိန်၌ ကျင်းပမည်နည်းဟု  သတင်းထောက်များက မေးမြန်းခဲ့ရာ ဆန်းဒါးစ်က နောက်ထပ်အသေးစိတ် အချက်အလက်များရရှိလျှင် ထုတ်ပြန်ပေးမည်ဟုသာ ဖြေကြားခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ထပ်ခြေလှမ်းများကို အိမ်ဖြူတော်က မျှော်လင့်နေကြောင်း ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ပြောကြားခဲ့စဉ်  ကင်ထံမှ စာလက်ခံရရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ သမ္မတနှစ်ဦးကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲကို ယခုနှစ်ကုန်မတိုင်မီ ကျင်းပနိုင်ခြေရှိကြောင်း၊ သို့သော် နျူကလီးယားဖျက်သိမ်းရန် လုပ်ရပ်များကို မြောက်ကိုရီးယားကသာ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘိုတန်က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent