၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပျက်ကျခဲ့သည့် လေယာဉ်ခရီးစဉ်အမှတ် ၉၃ မှ သူရဲကောင်းများအား ဂုဏ်ပြုရန် ထရန့်က ပင်ဆယ်ဗေးနီးယားသို့သွားရောက်

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပျက်ကျခဲ့သည့် လေယာဉ်ခရီးစဉ်အမှတ် ၉၃ မှ သူရဲကောင်းများအား ဂုဏ်ပြုရန် ထရန့်က ပင်ဆယ်ဗေးနီးယားသို့သွားရောက်
Published 12 September 2018

Flight – 93 လေယာဉ်မှ သေဆုံးခဲ့သူများ၏ အမည်များ ရေးထိုးထားသော နံရံများ၌ စက်တင်ဘာ ၁၀ ရက်တွင် ပန်းစည်းများ ချထားစဉ် (Photo - AFP)

ဆိုးရွားသော ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး ၁၇ နှစ်ခန့်အကြာတွင် ပြန်ပေးဆွဲခံခဲ့ရသည့် လေယာဉ်တစ်စင်းဖြစ်သော လေယာဉ်ခရီးစဉ်အမှတ် ၉၃ မှ  ပြန်ပေးဆွဲသူများအား ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုရန် သမ္မတဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၁၁ ရက်တွင် ပင်ဆယ်ဗေးနီးယားသို့ သွားရောက်ခဲ့သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်ကေးဒါးစစ်သွေးကြွများ၏ ပြန်ပေးဆွဲခံခဲ့ရသော လေယာဉ်လေးစင်းအနက် တစ်စင်းဖြစ်သည့် ထိုလေယာဉ်သည် ဝါရှင်တန် အနောက်မြောက်ဘက် မိုင် ၁၃၀ (ကီလိုမီတာ ၂၀၀) ခန့်အကွာရှိ Shanksville မြို့ငယ်မှ လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျခဲ့သည်။  ပြန်ပေးဆွဲခံထားရသည့် အခြားလေယာဉ်နှစ်စင်းက နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး စင်တာကို ဝင်တိုက်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ ဖုန်းဆက်ပြောကြားမှုကြောင့် သိရှိခဲ့ရစဉ် United Flight 93 ၌ လိုက်ပါလာခဲ့သူများက ထိုလေယာဉ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်သော အမေရိကန်မြို့တော်နှင့် အလွန်ဝေးကွာသောနေရာ၌ ထိုလေယာဉ်ပျက်ကျသွားခဲ့ရပြီး ထိုခရီးသည်များသည် သူရဲကောင်းများအဖြစ် အမြဲတမ်းဂုဏ်ပြုခံခဲ့ရသည်။ လေယာဉ်ပြန်ပေးဆွဲသူများသည် ထိုလေယာဉ်အား အမေရိကန်လွှတ်တော်နှစ်ရပ်ရှိသော ကွန်ဂရက်အဆောက်အအုံကို ဝင်တိုက်ရန် စီစဉ်ထားသည်ဟု ယူဆရသည်။

ထိုထိတ်လန့်ဖွယ်ကောင်းသောနေ့အား အမှတ်ရစေရန် ထရန့်က အာရုံစိုက်မည်ဖြစ်ပြီး ယင်းနေ့တွင် ၎င်းတို့ကိုယ်တိုင်သာမက အခြားသူများအား ကူညီရန်အတွက် အသက်များကို စွန့်လွှတ်ခဲ့သည့် တစ်ဦးချင်းစီကိုပါ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့သည်။ နိုင်ငံရေးအရ ဝရုန်းသုန်းကား အခြေအနေကြုံနေရသော်လည်း နိုင်ငံ၏ ညီညွတ်ရေးသင်္ကေတကို ဖော်ညွှန်းရန် ထရန့်က ဇနီးဖြစ်သူ မီလန်နီယာနှင့်အတူ  ထိုအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

ထရန့်တို့သည် Flight 93 အတွက် အမျိုးသားအောက်မေ့ဖွယ် အဆောက်အအုံသစ်  Tower of Voices သို့ သွားရောက်မည် ဖြစ်သည်။ ၉၃ ပေ (မီတာ ၃၀ နီးပါး) ရှည်သော ထိုအဆောက်အအုံတွင် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ရသည့် ခရီးသည်နှင့်အမှုထမ်း ၄၀ ကို ကိုယ်စားပြုသည့် သံစုံဆည်းလည်း ၄၀ ကို တပ်ဆင်ထားမည်ဖြစ်ပြီး လေတိုက်နှုန်းနှင့် လမ်းကြောင်းကို မူတည်ကာ အသံများ ကွဲပြားကြမည် ဖြစ်သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ထိုဘိုရင်းလေယာဉ် ပျက်ကျခဲ့သည့်အချိန်ဖြစ်သော နံနက် ၁၀ နာရီ ၀၃ မိနစ်တွင် သေဆုံးခဲ့ရသူများ၏ အမည်များကို တစ်ဦးချင်းစီ ဖတ်ပြမည်ဖြစ်သည်။ နယူးဂျာစီရှိ Newark မှ နေ၍ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းမည့် ထိုလေယာဉ်ပျက်ကျသည့်ဖြစ်စဉ်အား ဒါရိုက်တာ Paul Greengrass ရိုက်ကူးခဲ့သော United 93 အပါအဝင် ဇာတ်ကားအများအပြား ရိုက်ကူးခဲ့ကြသည်။

Ref ; AFP

Most Read

Most Recent