ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပြည်ပသတင်းထောက်များကလပ်၌ ပြုလုပ်မည့် ဘင်္ဂါလီမွတ်စလင်အကြောင်း ဆွေးနွေးပွဲဖိုရမ်အား ထိုင်းရဲတပ်ဖွဲ့က လက်မခံဘဲ တားမြစ်ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပြည်ပသတင်းထောက်များကလပ်၌ ပြုလုပ်မည့် ဘင်္ဂါလီမွတ်စလင်အကြောင်း ဆွေးနွေးပွဲဖိုရမ်အား ထိုင်းရဲတပ်ဖွဲ့က လက်မခံဘဲ တားမြစ်ပိတ်ပင်ခဲ့
Published 11 September 2018

စက်တင်ဘာ ၆ ရက်တွင် ဘန်ကောက်ရှိ ပြည်ပသတင်းထောက်များကလပ်၌ ထိုင်းရဲတစ်ဦးကို တွေ့ရစဉ် (Photo: AP)

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များနှင့် အခြားတိုင်းရင်းသားလူနည်းစုများအား မြန်မာတပ်မတော်တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်များသည် တရားရင်ဆိုင်သင့်၊ မသင့်အား ပြည်ပဂျာနယ်လစ်များက ဆွေးနွေးကြမည့် ဖိုရမ်တစ်ခုကို ဖျက်သိမ်းရန် ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ပြည်ပသတင်းထောက်များကလပ်၌ ညနေတွင်ပြုလုပ်ရန် စီစဉ်ထားသည့် ထိုဖိုရမ်မတိုင်မီ ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်က ရောက်ရှိလာခဲ့ပြီး ဆွေးနွေးရန် စီစဉ်သူများအား မဆွေးနွေးကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ထိုဖိုရမ်၌ ဆွေးနွေးကြမည့်သူများတွင် ဗြိတိန်အခြေစိုက် ဘင်္ဂါလီ မွတ်စလင်အရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းခင်၊ ထိုင်းသံတမန်ဟောင်း ကော့ဆက်ချူတီကူ၊ အပြည်ပြည်ဆိုင်ရာ ဂျူရီလူကြီးများ ကော်မရှင်၏ကိုယ်စားလှယ် ကင်းစလေးအဘော့တို့ ပါဝင်ဟု သိရသည်။

ထိုဖိုရမ်၌ ဆွေးနွေးမည့်ခေါင်းစဉ်ဖြစ်သော Will Myanmar's Generals Ever Face Justice for International Crimes? သည် နိုင်ငံလုံခြုံရေးအား ထိခိုက်စေနိုင်ပြီး ပြည်ပဆက်ဆံရေးကိုလည်း သက်ရောက်စေနိုင်ကာ တတိယ အဖွဲ့အစည်းတစ်ခုက မငြိမ်သက်မှုများ ဖန်တီးရန် အခွင့်အရေး ရရှိသွားနိုင်ကြောင်းဆိုကာ ထိုဆွေးနွေးမှုကို ဖျက်သိမ်းပစ်ရန် မေတ္တာရပ်ခံသည့်စာအား ဘန်ကောက်တွင် ရဲတပ်ဖွဲ့က ပေးအပ်ခဲ့သည်။

သို့သော် ရဲမှူးကြီး Thawatkiat Jindakuansanong က ထိုဖိုရမ်စီစဉ်သူများအား “ကျုပ်တို့က တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီပွဲကို ဖျက်သိမ်းလိုက်ဖို့ ညွှန်ကြားနေတာပါ” ဟု ပြောကြားခဲ့သည်။

ထိုပြည်ပသတင်းထောက်များကလပ် ဥက္ကဋ္ဌ ဒေါမနစ်ဖောဒါက ထိုဖျက်သိမ်းရန် အမိန့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုဖိုရမ်အား ဖျက်သိမ်းကြောင်း ကြေညာရန်မှလွဲ၍ ၎င်းတွင် ရွေးချယ်စရာ မရှိကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရွေးကောက်ခံဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ် အစိုးရအား ဖြုတ်ချ၍ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထိုပြည်ပသတင်းထောက်များကလပ်၌ အစီအစဉ်များ ဖျက်သိမ်းရန် ညွှန်ကြားခံရမှုသည် ခြောက်ကြိမ်မြောက်ရှိပြီဟု ယူဆရသည်။ အခြားနေရာများတွင် ပြုလုပ်သော နိုင်ငံရေးအရ အလွန်အမင်း ထိရှလွယ်သည့် အခမ်းအနားများကိုလည်း ထိုင်းအာဏာသိမ်း စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

ယခုကဲ့သို့ ပိတ်ပင်မှုအတွက် အပြည်ပြည်ဆိုင်ရာ ဂျူရီလူကြီးများကော်မရှင်မှ အပြည်ပြည်ဆိုင်ရာဥပဒေ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အဘော့က ထိုင်းအာဏာပိုင်များကို ဝေဖန်ခဲ့သည်။

Ref: AP

Most Read

Most Recent