ရုရှားက နိုင်ငံ့သမိုင်း၌ အကြီးဆုံးစစ်ရေး လေ့ကျင့်မှုကြီးအား စတင်ရန် ပြင်ဆင်နေ

ရုရှားက နိုင်ငံ့သမိုင်း၌ အကြီးဆုံးစစ်ရေး လေ့ကျင့်မှုကြီးအား စတင်ရန် ပြင်ဆင်နေ
Published 11 September 2018

စက်တင်ဘာ ၈ ရက်တွင် စိန့်ပီတာစဘတ် အပြင်ဘက်ရှီ ဆာတိုလိုဗိုမြို့၌ တင့်ကားနေ့ အခမ်းအနားတွင် T-80 တင့်ကားတစ်စင်းက သရုပ်ပြနေစဉ် (Photo: AFP)

ရုရှားသည် စက်တင်ဘာ ၁၁ ရက်တွင် နိုင်ငံ့သမိုင်း၌ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကြီးကို စတင်ပြုလုပ်တော့မည်ဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်စစ်သားများနှင့်အတူ တပ်သား ၃၀၀၀၀၀ ပါဝင်မည်ဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို တိုက်ပွဲကြီးအတွက် လေ့ကျင့်နေကြခြင်းဖြစ်သည်ဟုဆိုကာ နေတိုးအဖွဲ့က ရှုတ်ချထားသည်။

တရုတ်နှင့် မွန်ဂိုလီးယားစစ်သားများ ပါဝင်ပြီး သီတင်းတစ်ပတ်ကြာမြင့်မည့် စစ်ရေးလေ့ကျင့်မှုကြီးကို Vostok-2018 (အရှေ့-၂၀၁၈) ဟု အမည်ပေးထားပြီး အရှေ့ဆိုက် ဘေးရီးယား၌ ပြုလုပ်မည်ဖြစ်သည်။

ရုရှားစစ်တပ်က ယခုစစ်အင်အားပြမှုကြီးကို ၁၉၈၁ ခုနှစ်က ဆိုဗီယက်ယူနီယံ၏ Zapad-81 (အနောက်-၈၁) စစ်ရေးလေ့ကျင့်မှုကြီးနှင့် နှိုင်းယှဉ်ခဲ့သည်။ ဆိုဗီယက်ခေတ်အတွင်း အကြီးဆုံးစစ်ရေး လေ့ကျင့်မှုကြီးဖြစ်ခဲ့သော Zapad-81 တွင် ဆိုဗီယက်ယူနီယံမှ စစ်သား ၁၀၀၀၀၀ မှ ၁၅၀၀၀၀ ကြား ပါဝင်ခဲ့သည်။

ယခုတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုမှာမူ ပိုမိုကြီးမားပြီး စစ်သားဦးရေ ၃၀၀၀၀၀၊ စစ်တပ်ယာဉ် ၃၆၀၀၀၊ လေယာဉ်အစင်း ၁၀၀၀၊ စစ်သင်္ဘောအစင်း ၈၀ ပါဝင်ကြမည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူက ပြောကြားခဲ့သည်။ “တင့်ကား၊ သံချပ်ကာယာဉ်၊ ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်အစရှိတဲ့ စစ်တပ်ယာဉ်အစီးပေါင်း ၃၆၀၀၀ တစ်ပြိုင်တည်း ရွေ့လျားနေမယ့်ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ အနေအထားကိုလည်း တိုက်ပွဲအခြေအနေနဲ့ အနီးစပ်ဆုံးတူအောင် လုပ်ထားပါတယ်” ဟု ရွှိုင်ဂူက ဆိုသည်။

ရုရှားစစ်တပ်သည် ယင်း၏နောက်ဆုံးထုတ် စစ်လက်နက်ပစ္စည်းများကိုလည်း ယခုစစ်ရေးလေ့ကျင့်မှုကြီးအတွင်း ထုတ်ပြဦးမည် ဖြစ်သည်။ ယင်းတို့တွင် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သည့် Iskander ဒုံးများ၊ T-80 နှင့် T-90 တင့်ကားများ၊ မကြာသေးမီကမှ ထုတ်ပြန်ထားသည့် Su-34 နှင့် Su-35 လေယာဉ်များ ပါဝင်သည်။ ပင်လယ်ပြင်တွင်မူ ရုရှားရေတပ်သည် Kalibr ဒုံးကျည် (ဆီးရီးယားတွင် အသုံးပြုခဲ့သည့် ဒုံးကျည်များ) များ တပ်ဆင်ထားသည့် တိုက်သင်္ဘောများကို တပ်ဖြန့်ထားမည် ဖြစ်သည်။

ယခုမတိုင်မီ ဒေသတွင်း၌ နောက်ဆုံးကျင်းပခဲ့သော ရုရှားစစ်ရေးလေ့ကျင်မှုမှာ Vostok-2014 ဖြစ်သည်။ Vostok-2018 ၌ပါမည့် အင်အား၏ ထက်ဝက်နီးပါးသာရှိသော Vostok-2014 တွင် စစ်သား ၁၅၅၀၀၀ ခန့် ပါဝင်ခဲ့သည်။

ရုရှားသည် ယမန်နှစ်ကမူ အရှေ့ဥရောပ၌ Zapad-2017 စစ်ရေးလေ့ကျင့်မှုကို ကျင်းပခဲ့ပြီး တပ်ဖွဲ့ဝင် ၁၂၇၀၀ ပါသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ အမှန်တကယ်ပါသည့် အရေအတွက်မှာ များစွာပိုသည်ဟု ယူကရိန်းနှင့် ဘော်လတစ်နိုင်ငံများက ပြောခဲ့ကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ နိုင်ငံအရှေ့ပိုင်း ဗလာဒီဗိုစတော့မြို့တွင် ကျင်းပမည့် တရုတ်သမ္မတ ရှီကျင်ပင်း အပါအဝင် အခြားနိုင်ငံခေါင်းဆောင်များ လာရောက်မည်ဖြစ်သော စီးပွားရေးဖိုရမ်သို့ တက်ပြီးမှသာ Vostok-2018 ကို လာနိုင်မည်ဟု မျှော်လင့်ရသည်။

ရုရှားစစ်ရေးသုံးသပ်သူ ပါဗယ်ဖယ် ဂျန်ဟွာက ယင်းစစ်ရေးလေ့ကျင့်မှုကြီးသည် အနာဂတ်ကမ္ဘာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဟု ခေါ်ဆိုခဲ့သည်။

အနောက်နိုင်ငံများ၏ ပြည်တွင်းရေးကို ရုရှားက ဝင်စွက်ဖက်နေသည်ဟု စွပ်စွဲမှုများနှင့်အတူ ယူကရိန်းနှင့် ဆီးရီးယားတို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ရုရှား၏ ပါဝင်ပတ်သက်နေမှုတို့ကြောင့် ရုရှားနှင့် အနောက်တိုင်းဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ယခုစစ်ရေးလေ့ကျင့်မှုကြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent