1MDB ၏ ဒေါ်လာ ၁၁ သန်းကို စင်ကာပူက မလေးရှားသို့ ပြန်ပေးမည်

1MDB ၏ ဒေါ်လာ ၁၁ သန်းကို စင်ကာပူက မလေးရှားသို့ ပြန်ပေးမည်
Published 11 September 2018

၂၀၁၅ ခုနှစ် မေ ၁၄ ရက်တွင် ကွာလာလမ်ပူ၌ 1MDB ဆိုင်းဘုတ်အရှေ့တွင် ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦး စကားပြောနေစဉ် (Photo: AP)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ပြုတ်ကျစေခဲ့သည့် 1MDB ဘဏ္ဍာရေး အရှုပ်တော်ပုံနှင့်ပတ်သက်သည့် ဒေါ်လာ ၁၁ သန်းကို မလေးရှားအား ပြန်ပေးရန် စင်ကာပူတရားရုံးများက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 1MDB အတွက် ဆောင်ရွက်ပေးနေသော စင်ကာပူအခြေစိုက်ဥပဒေကုမ္ပဏီ Tan Rajah and Cheah နှင့် မလေးရှားအစိုးရတို့က စင်ကာပူတရားရုံးများသည် ဒေါ်လာ ၁၁ ဒသမ ၁ သန်းကို ပြန်ပေးရန်အတွက် အမိန့်ချထားကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ထိုငွေများကို ကွာလာလမ်ပူရှိ 1MDB ပြန်လည်ထူထောင်ရေး အထူးဘဏ်စာရင်းသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ဥပဒေမဲ့ အလွဲသုံးစားပြုခံခဲ့ရသော ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးကို ဆက်လက် ဆောင်ရွက်နေကြောင်း ယင်းဥပဒေကုမ္ပဏီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၊ ၉၃ နှစ်၏ မလေးရှားအစိုးရသစ်သည် နာဂျစ်နှင့် အပေါင်းအပါများက အာဏာရှိဆဲတွင် ဒေါ်လာဘီလျံနှင့်ချီ၍ လက်စဖျောက်ခဲ့မှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးနေသည်။ မလေးရှား စီးပွားရေးလုပ်ငန်းရှင် လိုးတက်ဂျိုက ပိုင်ဆိုင်သည်ဟုဆိုသော ဒေါ်လာ သန်း ၂၅၀ ခန့်တန်သည့် ရွက်လှေတစ်စင်းကို ပြီးခဲ့သည့်လတွင် အင်ဒိုနီးရှားက မလေးရှားကို ပြန်ပေးခဲ့ပြီးဖြစ်သည်။ ယင်းဇိမ်ခံသင်္ဘောကို 1MDB မှ ခိုးယူထားသောငွေများဖြင့် ဝယ်ယူထားသည်ဟု စွပ်စွဲထားသည်။

1MDB အရှုပ်တော်ပုံတွင် အဓိက အကျဆုံးသူတစ်ဦးဖြစ်သော ဂျိုလိုး ပိုင်ဆိုင်သည်ဟုဆိုသော ဒေါ်လာ ၃၅ သန်းတန် ဂျက်လေယာဉ်တစ်စင်း ပြန်ရရေးကိုလည်း အာဏာပိုင်များက ကြိုးပမ်းနေကြောင်း မဟာသီယာက ပြောကြားခဲ့သည်။ ယင်းဂျက်လေယာဉ်ကို စင်ကာပူတွင် တွေ့ရှိထားသည်ဟု စင်ကာပူရဲတပ်ဖွဲ့က ပြီးခဲ့သည့်လတွင် အတည်ပြုထားသည်။

1MDB မှ ခိုးယူထားသော ငွေများအား စင်ကာပူဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး ငွေကြေးခဝါချခဲ့ခြင်းရှိ၊ မရှိကို စင်ကာပူက စုံစမ်းစစ်ဆေးနေသည်။ စင်ကာပူနှင့်အတူ အမေရိကန်၊ ဆွစ်ဇာလန်တို့ကလည်း 1MDB အရှုပ်တော်ပုံအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်။

1MDB စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်သော ဘဏ်စာရင်းများနှင့် ပိုင်ဆိုင်မှုများမှ စုစုပေါင်းဒေါ်လာ ၁၇၄ သန်းကို သိမ်းဆည်းထားကြောင်း စင်ကာပူအာဏာပိုင်များက ၂၀၁၆ ခုနှစ်တွင် ပြောကြားထားသည်။ စုံစမ်း စစ်ဆေးခဲ့ပြီးနောက် ဆွစ်ဇာလန်ဘဏ်နှစ်ခု၏ ဘဏ်ခွဲများကို စင်ကာပူက ပိတ်ပင်ခဲ့ပြီး ဆွစ်ဇာလန်ဘဏ် ဝန်ထမ်းတစ်ဦးနှင့် စင်ကာပူပုဂ္ဂလိကဘဏ် ဝန်ထမ်းသုံးဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ 1MDB မှ ခိုးယူခံထားရမှုသည် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံခန့် ရှိသည်ဟု 1MDB မှ ခိုးထားသောငွေများဖြင့် ဝယ်ယူထားသော ပစ္စည်းများကို ဖော်ထုတ်ရရှိရန် ကြိုးပမ်းနေသည့် အမေရိကန်တရားရေးဌာနက ဆိုသည်။

Ref: AFP

Most Read

Most Recent