<

ဂျပန်အာဏာရပါတီ၏ ခေါင်းဆောင်နေရာရွေးပွဲအတွက် အာဘေးက စတင်စည်းရုံး

စက်တင်ဘာ ၁၀ ရက်တွင် တိုကျိုရှိ ပါတီရုံးချုပ်၌ ၀န်ကြီးချုပ် အာဘေး (ယာ) နှင့် ကာကွယ်ရေးဝန်ကြီး အစ်ဟီဘာ (၀ဲ) ကို တွေ့ရစဉ် (Photo: AFP)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အာဏာရပါတီ LDP ၏ ဥက္ကဋ္ဌအဖြစ် နောက်ထပ်သက်တမ်းတစ်ခု ထပ်မံထမ်းဆောင်ခွင့် ရရှိရေးအတွက် စည်းရုံးလှုပ်ရှားမှုကို စက်တင်ဘာ ၁၀ ရက်၌ စတင်လိုက်ပြီဖြစ်သည်။ ယင်းသို့ စတင်မှုနှင့်အတူ အာဘေးက နိုင်ငံ၏ စီးပွားရေးမှတ်တမ်းများနှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြုပြင်ပြောင်းလဲရန် အငြင်းပွား အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။

စက်တင်ဘာ ၂၀ ရက်၌ ကျင်းပမည့် ပါတီခေါင်းဆောင်ရာထူးအတွက် ရွေးကောက်ပွဲတွင် အာဘေးသည် ၎င်း၏ တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂျီရူ အစ်ဟီဘာကို လွယ်လင့်တကူ အနိုင်ရလိမ့်မည်ဟု မှန်းဆနေကြသည်။ ထိုသို့အနိုင်ရသွားပါက အာဘေးသည် ဂျပန်၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ဖြစ်လာရန် အခြေအနေ ကောင်းနေသည်။

ထို့ပြင် သဘောထား တင်းမာသည့် အာဘေးအနေဖြင့် ကမ္ဘာပေါ်တွင် စီးပွားရေး တတိယမြောက် အင်အားအကြီးဆုံးနိုင်ငံကို အတိုက်အခံပါတီ မည်မည်ရရမရှိဘဲ နောက်ထပ်သုံးနှစ် ဆက်လက် ဦးဆောင်ခွင့်ရသွားဦးမည် ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲဖို့ကိစ္စကို ကိုင်တွယ်ဖို့ အချိန်ရောက်ပါပြီ” ဟု အာဘေးက ပြောခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို ယခုနှစ်ကုန်တွင် ပါလီမန်သို့ တင်သွင်းရန် ရည်ရွယ်ထားကြောင်းလည်း အာဘေးက ဖြည့်စွက် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ရေးသားခဲ့သော ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပိုဒ် ၉ အရ ဂျပန်နိုင်ငံသည် စစ်ပွဲ၌ ပါဝင်ခွင့်ကို ရာသက်ပန် စွန့်လွှတ်လိုက်ရမည်ဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်တစ်ခုကိုလည်း မည်သည့်အခါမှ ပိုင်ဆိုင်ခွင့်ရှိမည် မဟုတ်ပေ။ ယင်းကြောင့် ဂျပန်၏ ကာကွယ်ရေးတပ်ဖွဲ့ (SDF) သည် အခက်ကြုံနေရသည်။ ဒေသတွင်း၌ တင်းမာမှုများလည်း မြင့်တက်နေချိန်ဖြစ်သဖြင့် မဟာမိတ်များက SDF ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဂျပန်ကို တိုက်တွန်းနေသည်။ သို့သော် ထိုသို့အင်အား တိုးမြှင့်လိုက်ပါက ရန်ဘက်ဟောင်းများဖြစ်ကြသည့် တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့က ဒေါသတကြီး တုံ့ပြန်ကြဖွယ်ရှိသည်။

အာဘေးက ၎င်း၏ အာဘေးနောမစ် မူဝါဒကိုလည်း အမွှမ်းတင် ပြောကြားခဲ့သေးသည်။ “အလုပ်လိုသူနဲ့ အလုပ်အကိုင် ကမ်းလှမ်းမှုအချိုးဟာ စံချိန်တင် မြင့်မားနေပါတယ်။ ကျွန်တော်တို့တစ်တွေ ကောင်းမွန်သင့်တင့်တဲ့ စီးပွားရေး အခြေအနေတစ်ခုကို ပြန်ရနိုင်ခဲ့ပါပြီ” ဟု အာဘေးက ဆိုသည်။

ပြိုင်ဘက်ဖြစ်သူ ကာကွယ်ရေးဝန်ကြီးဟောင်း အစ်ဟီဘာကမူ ဂျပန်နိုင်ငံ၏ စိုးရိမ်စရာ လူမှုပထ၀ီအခြေအနေနှင့် နျူကလီးယား လက်နက်ပိုင်သော မြောက်ကိုရီးယားတို့သည် ဂျပန်၏ အကြီးဆုံးစိန်ခေါ်မှုကြီး နှစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် လုပ်ဆောင်လိုတာကတော့ စီးပွားရေး ပြန်လည်အသက်ဝင်လာဖို့ပါပဲ။ ဒီလုပ်ငန်းစဉ်ဖြစ်မြောက်ဖို့ အဓိကအချက်ဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖြစ်ပါတယ်” ဟု အစ်ဟီဘာက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

September 10, 2018














Copy Protected by Chetan's WP-Copyprotect.