ဆွီဒင်ရွေးကောက်ပွဲတွင် လက်ယာအစွန်းရောက် အားကောင်းလာမှုကြောင့် အစိုးရဖွဲ့နိုင်ရန် အကျပ်အတည်း ကြုံနေရ

ဆွီဒင်ရွေးကောက်ပွဲတွင် လက်ယာအစွန်းရောက် အားကောင်းလာမှုကြောင့် အစိုးရဖွဲ့နိုင်ရန် အကျပ်အတည်း ကြုံနေရ
Published 11 September 2018

စက်တင်ဘာ ၉ ရက်တွင် စတော့ဟုမ်း၌ လက်ယာအစွန်းရောက် ဆွီဒင်ဒီမိုကရက်ပါတီမှ ဂျင်မီအကက်ဆန်က စကားပြောနေစဉ် (Photo: AFP)

ဆွီဒင်ဥပဒေပြု ရွေးကောက်ပွဲများတွင် လက်ယာအစွန်းရောက်များက အားကောင်းခဲ့မှုကြောင့် နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရသစ်ကို မည်သူက ဖွဲ့စည်းမည်ကို မေးခွန်းထုတ်စရာ ထွက်ပေါ်လာခဲ့သည်။ မဲအများစုရရှိသည့် ပါတီခေါင်းဆောင်က ပုံမှန်အားဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသော်လည်း ဆွီဒင်တွင် စက်တင်ဘာ ၉ ရက် ရွေးကောက်ပွဲအပြီး ကျိုးပျက်လွယ်သော နိုင်ငံရေးအခင်းအကျင်းကြောင့် အစိုးရသစ်အား ဖွဲ့စည်းနိုင်မည့်သူကို ခန့်မှန်းရန် မဖြစ်နိုင်သေးပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဗဟိုလက်ဝဲယိမ်းရော ဗဟိုလက်ယာယိမ်းညွန့်ပေါင်း ပါတီများကပါ အမတ်နေရာအများစုကို မရရှိခဲ့ပေ။ လက်ယာအစွန်းရောက် ဆွီဒင် ဒီမိုကရက်ပါတီသည် မျှော်လင့်ထားသည်ထက် မဲနည်းပါးစွာ ရရှိခဲ့သော်လည်း မဲတတိယ အများဆုံးရရှိခဲ့ပြီး အဆုံးအဖြတ်ပေးနိုင်သည့် အနေအထား၌ ရှိနေခဲ့သည်။ ဆွီဒင်ဒီမိုကရက် ပါတီသည် မဲ ၁၇ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ယခင်ရွေးကောက်ပွဲအပြီး မဲငါးရာခိုင်နှုန်းနီးပါး တိုးမြှင့်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျာမနီနှင့် အီတလီတို့ အပါအဝင် ဥရောပရှိ နိုင်ငံအများအပြားတွင် မကြာသေးမီနှစ်များအတွင်း ရွေးကောက်ပွဲများ၌ လက်ယာအစွန်းရောက်ပါတီများက အားကောင်းလာခဲ့သည်။

ဆိုရှယ်ဒီမိုကရက်တစ်ဝန်ကြီးချုပ် စတက်ဖန်လော့ဗန်၏ အနီ-အစိမ်း လက်ဝဲညွန့်ပေါင်းသည် ဗဟိုလက်ယာဝါဒီ အတိုက်အခံ ညွန့်ပေါင်းပါတီထက် အမတ်တစ်နေရာသာ အသာရခဲ့သည်။ ထိုညွန့်ပေါင်းနှစ်ခုအကြား မဲ ၃၀၀၀၀ အောက်သာ ကွာဟမှုရှိခဲ့ပြီး ပြည်ပရောက် ဆွီဒင်နိုင်ငံသားများ၏ မဲ ၂၀၀၀၀၀ နီးပါးကိုမူ မရေတွက်ရသေးပေ။ လော့ဗန်၏ ဆိုရှယ်ဒီမိုကရက်ပါတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက် ၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းပြီး ထောက်ခံမဲ ၂၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိခဲ့ကာ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရလဒ်ဖြစ်ခဲ့သည်။

ပါလီမန်တွင် လိပ်ခဲတည်းလည်း အခြေအနေကို အသိအမှတ်ပြုလျက် လော့ဗန်က အတိုက်အခံများကို ဖိတ်ကြားခဲ့သည်။ သို့သော် ပါတီလေးခုပါဝင်သည့် အတိုက်အခံ Alliance က လော့ဗန်အား ရာထူးမှဆင်းပေးရန်နှင့် အစိုးရသစ် ဖွဲ့စည်းနိုင်ရန်အတွက် ၎င်းတို့အား လမ်းဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။

လော့ဗန်သည် နောက်ထပ်လေးနှစ်သက်တမ်းကို ထမ်းဆောင်နိုင်ရန် ကြိုးပမ်းနေသော်လည်း တည်ငြိမ်သော အစိုးရသစ်တစ်ရပ် ရရှိနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အခြားနိုင်ငံရေးပါတီအားလုံး ကဲ့သို့ပင် လော့ဗန်သည် လက်ယာအစွန်းရောက်များနှင့် မဟာမိတ်မဖွဲ့ဟု ပြောကြားထားသည်။

လော့ဗန်သည် ၂၀၁၄ ခုနှစ်တွင် ဂရင်းပါတီနှင့် အနည်းစုညွန့်ပေါင်းအစိုးရဖွဲ့စည်း သကဲ့သို့ပင် အလားတူညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ကြိုးပမ်းနိုင်သည်။ သို့သော် လက်ယာအစွန်းရောက် ဆွီဒင်ဒီမိုကရက်များထံမှ ခြိမ်းခြောက်မှုအား ဆက်တိုက်ကြုံနေရပြီး ၎င်းတို့သည် ဆောင်းဦး၌ အသုံးစရိတ်ဥပဒေကြမ်းကဲ့သို့ မည်သည့်ဥပဒေကြမ်းကိုမဆို ပြဋ္ဌာန်းမှုအား ပိတ်ဆို့ရန် အသင့်ရှိနေသည်။ လော့ဗန်သည် ညွန့်ပေါင်းဖွဲ့ရန်အတွက် ဗဟိုပါတီနှင့် လစ်ဘရယ်ပါတီများကိုလည်း ဖိတ်ခေါ်နိုင်သည်။ ဗဟိုပါတီနှင့် လစ်ဘရယ်ပါတီ အပြင် Moderates ပါတီနှင့် ခရစ်ယာန်ဒီမိုကရက်ပါတီများ ပေါင်းစည်းထားသော Alliance သည် လူဝင်မှုကြီးကြပ်ရေးမူဝါဒတွင် သဘောထား ကွဲလွဲနေသော်လည်း အစိုးရသစ်ကို အတူဖွဲ့စည်းရန် သဘောတူထားသည်။

Ref: AFP

Most Read

Most Recent