ပါရီတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဗြိတိန်ခရီးသွားနှစ်ဦး အပါအဝင် လူခုနစ်ဦး ဒဏ်ရာရ

ပါရီတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဗြိတိန်ခရီးသွားနှစ်ဦး အပါအဝင် လူခုနစ်ဦး ဒဏ်ရာရ
Published 11 September 2018

စက်တင်ဘာ ၉ ရက်တွင် ပါရီအရှေ့မြောက်ဘက်၌ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာတွင် ရဲများက စစ်ဆေးနေစဉ် (Photo: AFP)

ပြင်သစ်နိုင်ငံမြို့တော် ပါရီတွင် စက်တင်ဘာ ၉ ရက် နှောင်းပိုင်း၌ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဗြိတိန်ခရီးသွားနှစ်ဦး အပါအဝင် လူခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပါရီအရှေ့မြောက်ဘက်ရှိ တူးမြောင်းတစ်ခုအနီး ထိုအမျိုးသားက ဓားရှည်တစ်လက်နှင့် သံတုတ်တစ်ခုတို့ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာရသူလေးဦးသည် အခြေအနေ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခဲ့သည့် ထိုသံသယရှိသူသည် အာဖဂန်နိုင်ငံသားတစ်ဦးဖြစ်သည်ဟု ယူဆရပြီး ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းသည် သူစိမ်းများကို ပစ်မှတ်ထားခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်သည့် အနေအထား မတွေ့ရကြောင်း ထိုစုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ ခန်းမများရှိပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများဖြင့် အမြဲတမ်း စည်ကားနေသည့် Bassin de la Villette မြစ်ကမ်းပါးတွင် ဒေသစံတော်ချိန် ည ၁၁ နာရီကျော်၌ ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ အသက် ၂၈ နှစ်ရှိ ယူဆက်နာဂျာက သူသည် ထိုတူးမြောင်းဘေး၌ လမ်းလျှောက်လာနေစဉ် အရှည် ၂၅-၃၀ စင်တီမီတာ (၁၀-၁၁ လက်မ) ခန့်ရှိသော ဓားရှည်တစ်လက်ကိုင်လျက် အမျိုးသားတစ်ဦး ပြေးနေသည်ကို တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ “သူ့နောက်ကို လူ ၂၀ လောက်က လိုက်နေကြတယ်။ အဲဒီလူတွေက ဒီလူကို Petanque ဘောလုံးတွေနဲ့ စပြီး ပစ်ပေါက်ခဲ့ကြတယ်” ဟု ပြင်သစ်တွင် Boules ဟုလည်း လူသိများသော အားကစားနည်းမှ ဘောလုံးကို ရည်ညွှန်းလျက် နာဂျာကပြောကြားခဲ့သည်။ ဘောလုံးလေးလုံး၊ ငါးလုံးခန့်သည် ထိုအမျိုးသား၏ခေါင်းကို ထိမှန်ခဲ့သော်လည်း မရပ်တန့်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ် မျက်မြင်တစ်ဦးက ထိုတိုက်ခိုက်သူသည် လမ်းကြားထဲသို့ ခုန်ဆင်းသွားခဲ့ပြီး ယင်းနေရာတွင် ဗြိတိန်ခရီးသွားနှစ်ဦး၏နောက်၌ ပုန်းကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်သူတွင် ဓားတစ်လက်ပါသဖြင့် သတိထားရန် ယင်းခရီးသွားနှစ်ဦးကို သတိပေးခဲ့သော်လည်း ၎င်းတို့က တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ ယင်းနောက် ထိုခရီးသွားစုံတွဲသည် တိုက်ခိုက်ခံခဲ့ရကြောင်း မျက်မြင်သက်သေက ပြောကြားခဲ့သည်။

ထိုတူးမြောင်း၏ တစ်ဖက်စီတွင်ရှိသော ရုပ်ရှင်ရုံနှစ်ရုံအနက် တစ်ရုံမှ လုံခြုံရေးတစ်ဦးက ထိုတိုက်ခိုက်သူသည် ၎င်းအား ဟန့်တားရန်ကြိုးပမ်းသည့် အမျိုးသားနှစ်ဦး၏ လက်မှ လွတ်မြောက်ရန် ထွက်ပြေးနေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ တိုက်ခိုက်သူသည် ၎င်း၏ လက်ထဲရှိ သံတုတ်ဖြင့် နောက်မှလိုက်သူများအား ပစ်ပေါက်ခဲ့ကြောင်း၊ ယင်းနောက် ဓားကိုထုတ်ခဲ့ကြောင်း ထိုလုံခြုံရေးက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား လူသတ်ရန် ကြိုးပမ်းမှုအဖြစ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း တရားရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းသည် မကြာသေးမီလများအတွင်း ပြင်သစ်၌ ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှု အများအပြားအနက် နောက်ဆုံးတစ်ခု ဖြစ်လာခဲ့သည်။ ပါရီတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံရေးသရော် ကာတွန်းမဂ္ဂဇင်းတိုက်အား တိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး အစ္စလာမ္မစ်အစွန်းရောက်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၂၄၀ ကျော် ရှိလာခဲ့ပြီး ဖြစ်သည်။

Ref: AFP

Most Read

Most Recent