<

အာဏာသိမ်းရန် ကြိုးပမ်းရေးအတွက် အမေရိကန်အစိုးရက ဗင်နီဇွဲလား စစ်ဘက်အရာရှိတို့နှင့် တွေ့ဆုံခဲ့

သြဂုတ် ၄ ရက်က ကရာကတ်စ်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုအတွင်း မိန့်ခွန်းပြောနေသော ဗင်နီဇွဲလားသမ္မတ မာဒူရို (Photo – AFP)

ဗင်နီဇွဲလားသမ္မတ နီကိုးလက်မာဒူရိုကို ဖြုတ်ချရန်အစီအစဉ်များအား ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့မှ အရာရှိများသည် ဗင်နီဇွဲလား စစ်ဘက်အရာရှိများနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟု နယူးယောက်တိုင်းမ်တွင် စက်တင်ဘာ ၈ ရက်က ဖော်ပြခဲ့သည်။ သို့သော် နောက်ဆုံးတွင် မကူညီတော့ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ဆိုးရွားလှသည့် စီးပွားရေး၊ လူသားဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော ဗင်နီဇွဲလားနိုင်ငံထဲတွင် အကြမ်းဖက် ဆန္ဒပြမှုကြီးများဖြစ်ပေါ်ကာ နိုင်ငံထဲမှ လူအမြောက်အမြား ဆက်တိုက်စွန့်ခွာနေကြပြီး အိမ်နီးချင်းနိုင်ငံများ၌ သွားရောက်ခိုလှုံနေကြသည်။ ထိုစဉ် သမ္မတထရန့်မှာမူ မာဒူရို၏ လက်ဝဲအစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦး ဖြစ်သည်။

“ဗင်နီဇွဲလားနိုင်ငံ  ဒီမိုကရေစီစနစ်ကို စနစ်တကျနဲ့ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိသွားရေးဟာ အမေရိကန်ရဲ့ ဦးစားပေးမူဝါဒ ဖြစ်နေဆဲပါပဲ” ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ဗင်နီဇွဲလားပြည်သူများ၏ နေ့စဉ်စိုးရိမ်ပူပန်မှုများကို အမေရိကန် အစိုးရက နေ့တိုင်းကြားသိမြင်နေရကြောင်း၊ ၎င်းတို့အားလုံး၏ တူညီသော ရည်မှန်းချက်မှာ အမိမြေထဲတွင် ဒီမိုကရေစီစနစ်ပြန်လည် တည်ဆောက်ရေးဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဂါရက်မားကွက်စ်က ဆက်လက်ပြောကြားခဲ့သည်။

လျှို့ဝှက်ဆွေးနွေးမှုများထဲတွင် ပါဝင်ခဲ့သော အမည်မဖော်လိုသည့် အမေရိကန်အစိုးရအရာရှိများနှင့် ဗင်နီဇွဲလား စစ်တပ်အရာရှိဟောင်းတစ်ဦးတို့၏ ပြောကြားချက်အရ အာဏာသိမ်းရန်အစီအစဉ်များမှာ ရပ်ဆိုင်း သွားပြီဖြစ်သည်ဟု နယူးယောက်တိုင်းမ်၌ ဖော်ပြခဲ့သည်။

ထိုစဉ် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျအရီဇာက အမေရိကန်အစိုးရ၏ ဗင်နီဇွဲလား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပံ့ပိုးပြီး ၀င်ရောက်စွတ်ဖက်ရန် စီစဉ်နေမှုများကို ရှုတ်ချကြောင်း Twitter ၌ရေးသားခဲ့သည်။ “စက်ဆုပ်ရွံရှာစရာ သက်သေတွေကို အမေရိကန်မီဒီယာတွေ၊ သတင်းတွေမှာ တွေ့နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။ သမ္မတမာဒူရိုသည်လည်း ၎င်းတွင် တွေ့ကြုံနေရသည့် ပြဿနာများစွာမှာ အမေရိကန်ကြောင့်ဟု အမြဲတစေ ပြစ်တင်နေတက်သူဖြစ်သည်။ သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့သော မောင်းသူမဲ့လေယာဉ်များဖြင့်  မာဒူရိုအား လုပ်ကြံရန်စီစဉ်မှုတွင်မူ မပါဝင်ဟု အမေရိကန်က ငြင်းဆိုထားသည်။

Ref ; AFP

September 9, 2018














Copy Protected by Chetan's WP-Copyprotect.