<

ဂျက်မားက စက်တင်ဘာ ၁၀ ရက်၌ အနားယူမည်မဟုတ်ဘဲ လုပ်ငန်းဆက်ခံရေး အစီအစဉ်ကိုသာ ကြေညာမည်

ဧပြီ ၁၈ ရက်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာသော ဂျက်မားကို တွေ့ရစဉ် (Photo – AFP)

Alibaba အား ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သော ဂျက်မားသည် စက်တင်ဘာ ၁၀ ရက်တွင် လုပ်ငန်းဆက်ခံမှုပိုင်းဆိုင်ရာ အစီအစဉ်တစ်ခုကို ထုတ်ဖော်မည်ဖြစ်သည်ဟု South China Morning post တွင် စက်တင်ဘာ ၉ ရက်က ဖော်ပြခဲ့သည်။ အဆိုပါနေ့တွင် ဂျက်မားအနားယူတော့မည်ဟု နယူးယောက်တိုင်းမ်၌ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍မူ  Alibaba ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။

အကျော်ကြားဆုံး တရုတ်နည်းပညာ သူဋ္ဌေးဂျက်မားသည် ၎င်း၏ အသက် ၅၄ နှစ် ပြည့်မွေးနေ့ဖြစ်သော စက်တင်ဘာ ၁၀ ရက်တွင် ဆက်ခံမှုပိုင်းဆိုင်ရာ ဗျူဟာတစ်ရပ်ကို ထုတ်ဖော်မည်ဟု Alibaba ကပင် ပိုင်ဆိုင် သည့် South China Morning post (SCMP) ၌ ဖော်ပြခဲ့သည်။ သို့သော်ဂျက်မားသည် Alibaba ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေဦးမည်ဟု သိရသည်။

ဂျက်မားနှင့်ပြုလုပ်ခဲ့သည့် မေးမြန်းခန်းတစ်ခုအား အခြေပြုထားသော နယူးယောက်တိုင်းမ်၏ စက်တင်ဘာ ၆ ရက်က ဆောင်းပါး၌မူ အင်္ဂလိပ်စာသင်ဆရာတစ်ဦးဖြစ်ခဲ့သော ဂျက်မားသည် ပရဟိတအလုပ်ကို အာရုံစိုက်ရန်အတွက် Alibaba ၏ ဥက္ကဋ္ဌနေရာမှ အနားယူမည့်အကြောင်းကို မွေးနေ့တွင် ကြေညာရန် စီစဉ်ထားသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် ဂျက်မားက ထိုဆုံးဖြတ်ချက်သည် အဆုံးသတ်တစ်ခုမဟုတ်ဘဲ ခေတ်တစ်ခေတ်၏ အစဖြစ်သည်ဟု ပြောကြားခဲ့သေးသည်။

သို့သော် နယူးယောက်တိုင်း၏ ဆောင်းပါးသည် အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်ပြီး အချက်အလက်ပိုင်းအရ မှားနေသည်ဟု Alibaba ၏ပြောခွင့်ရပုဂ္ဂိုလ်က SCMP သို့ ပြောကြားခဲ့သည်။ “မားဟာ ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌနေရာမှာ ဆက်ရှိဦးမှာဖြစ်ပြီး လွှဲပြောင်းရေးအစီအစဉ်တွေကို ချမှတ်ပံ့ပိုး ပေးသွားမှာဖြစ်တယ်လို့ Alibaba  ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်” ဟု SCMP တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင် ဖော်ထုတ်မည့် ဆက်ခံသူအစီအစဉ်သည် ကုမ္ပဏီကို  ဆက်လက်ကိုင်တွယ်မည့် ပို၍ငယ်ရွယ်သော အမှုဆောင်အရာရှိ မျိုးဆက်သစ်တစ်ခုကို လက်သပ်မွေးရန် အကြံအစည်၏ တစ်စိတ်တစ်ပိုင်းဟု သိရသည်။

နယူးယောက်တိုင်းတွင် ဖော်ပြခဲ့သည့် ထိုသတင်းကြောင့် ကမ္ဘာ့စီးပွားရေးအသိုင်းအ၀ိုင်းတွင် အံ့သြမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် အသက် ၈၀ ကျော်အရွယ်အထိ သူဋ္ဌေးများ အလုပ်လုပ်နေကြဆဲဖြစ်သည့် တရုတ်နိုင်ငံထဲတွင် ဂျက်မား၏ အသက်မှာ အနားယူရန် ငယ်ရွယ်နေသေးသည်။ နယူးယောက်တိုင်းမ်၏ ဆောင်းပါးထွက်ရှိလာပြီးနောက် Alibaba  အား ဆက်သွယ်မေးမြန်းကြစဉ်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

SCMP ၏ သတင်းထဲတွင် ဂျက်မားမည်သည့်အချိန် အနားယူမည်ကို တိတိကျကျ မထုတ်ဖော်ခဲ့ပေ။ ဂျက်မား၏ ပြောကြားချက်အရ ၎င်းမရှိဘဲ Alibaba  အနေနှင့် မည်သို့ဆက်သွားမည်ကို ပုံဖော်ရန်အတွက် လွန်ခဲ့သည့် ၁၀ နှစ်က ကုမ္ပဏီ၏ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

“ကျွန်တော်ဟာ အနာဂတ်ကို လက်ခံယုံကြည်တယ်ဆိုတာကို ကျွန်တော့်ကို သိတဲ့သူတိုင်း သိကြပါတယ်။ ဒါဟာ အနားယူတာ၊ နောက်ဆုတ်ပေးတာမျိုးနဲ့ မဆိုင်ပါဘူး။ အစီအစဉ်တကျသွားတဲ့ စီမံကိန်းတစ်ခုပါ” ဟု ဂျက်မားက ပြောကြားသည်ကို ကိုးကားပြီး SCMP တွင် ဖော်ပြခဲ့သည်။

ဂျက်မားသည် လာမည့်သီတင်းပတ်တွင် စီးပွားရေးဆိုင်ရာ အစည်းအဝေးများအတွက် ရုရှားသို့သွားမည်ဖြစ်ပြီး ယင်းမှ ပြန်ရောက်လျှင် တောင်အာဖရိကသို့ သွားဦးမည်ဟု သိရသည်။

Ref ; AFP

September 9, 2018














Copy Protected by Chetan's WP-Copyprotect.