<

ရုရှား၌ ဒေသဆိုင်ရာရွေးကောက်ပွဲများ ကျင်းပ

စက်တင်ဘာ ၉ ရက်က ဒေသဆိုင်ရာရွေးကောက်ပွဲအတွက် မဲထည့်နေသော ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်အား တွေ့ရစဉ် (Photo – AFP)

ကရင်မလင်သစ္စာခံ ကိုယ်စားလှယ်လောင်းများသာ အများအားဖြင့် အနိုင်ရဖွယ်ရှိသည့် ရုရှားဒေသဆိုင်ရာ ရွေးကောက်ပွဲများကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့ သည်။ ထိုစဉ် ရဲများကမူ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုအပေါ် ဆန္ဒပြကြရန်ဆော်သြထားသည့် ထောင်ကျနေသော အတိုက်အခံ ခေါင်းဆောင်အား ထောက်ခံသူ ဒါဇင်ပေါင်း များစွာကို ဖမ်းဆီးခဲ့ကြသည်။

ပင်စင်ခံစားရမည့်အသက်အရွယ်ကို တိုးမြှင့်ရန် ရုရှားအစိုးရက စီစဉ်နေသောကြောင့် ရုရှားပြည်သူများကြားတွင် ရှားရှားပါးပါး ဒေါသပေါက်ကွဲမှုဖြစ်ပေါ်နေပြီး သမ္မတ ဗလာဒီမာပူတင်၏ လူထုထောက်ခံမှု ပမာဏမှာလည်း ကျဆင်းသွားခဲ့သည်။

သို့သော် ယင်းမကျေနပ်မှုများသည် ယခုရွေးကောက်ပွဲအပေါ် များများစားစား သက်ရောက်နိုင်ဖွယ်မရှိပေ။ အဓိကအရေးပါသော မော်စကိုမြို့တော်ဝန်ရာထူးအတွက် မဲပေးမှုတွင်လည်း စိုးရိမ်ရသော အတိုက်အခံကိုယ်စားလှယ်လောင်းများမှာ ၀င်ပြိုင်ခွင့် ပိတ်ခံထားရသည်။

အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီအား ထောက်ခံသူ ၅၀ ခန့်သည် ဆန္ဒပြစုဝေးမှုများ မပြုလုပ်မီမှာပင် ဖမ်းခံလိုက်ရသည်ဟု သိရသည်။  နာဗာညီကိုယ်တိုင်ကမူ တရားမ၀င် ဆန္ဒပြပွဲတစ်ခုကြောင့် ထောင်တစ်လကျနေသည်။ နိုင်ငံအရှေ့ပိုင်းနှင့် ဆိုက်ဘေးရီးယားတို့တွင် ဆန္ဒပြပွဲစတင်သည်နှင့် တစ်ပြိုင်နက် ရဲများက လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြပြီး  စိန့်ပီတာစဘတ်၊ မော်စကိုတို့၌လည်း ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မတ်လက သမ္မတရွေးကောက်ပွဲမတိုင်မီ ပူတင်သည် ရွေးကောက်ပွဲစကားစစ်ထိုးမှု၌ ပါဝင်ခဲ့ခြင်းမရှိသလို ၎င်းင်း၏ မဟာမိတ်ဖြစ်သော မော်စကိုမြို့တော်ဝန် ဆာဂေးဆိုယာ နင်သည်လည်း ယခုရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲများ၌ ပါဝင်ခဲ့ခြင်း မရှိပေ။ သို့သော် အမည်ခံမျှသာရှိသော အတိုက်အခံတစ်ဦးတည်းနှင့်သာ ရင်ဆိုင်ရမည့် ဆိုယာနင်သည် ရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရဖွယ်ရှိသည်။

အာဏာပိုင်များက မဲလာပေးသူဦးရေ မြင့်တက်စေရန်အတွက် မဲရုံများတွင် အစားအသောက်ပွဲတော်များ၊ ပွဲလမ်းသဘင်များပင် စီစဉ်ပေးထားကြသည်။

“ရွေးကောက်ပွဲစနစ်မှာ မပြည့်စုံမှုတွေ ရှိနေပေမယ့် ဒါဟာ သင်ရဲ့သဘောထားကို ထုတ်ပြနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေဆဲပါပဲ” ဟု မော်စကိုမှ မဲဆန္ဒရှင် အသက် ၄၄ နှစ်အရွယ် သွားဆရာဝန်တစ်ဦးက ဆိုသည်။

Ref ; AFP

September 9, 2018














Copy Protected by Chetan's WP-Copyprotect.