<

အင်အားကြီး သုံးနိုင်ငံက ဆွေးနွေးနေစဉ် ရုရှားနှင့် သူပုန်များက အိုင်ဒလစ်တွင် တိုက်ခိုက်မှုများပြုလုပ်

စက်တင်ဘာ ၇ ရက်တွင် အိုင်ဒလစ်ပြည်နယ် တောင်ဘက် ခန်ရှေးခန်းမြို့မှ အရှေ့ဘက် လေးကီလိုမီတာ အကွာ၌ အစိုးရတပ်၏ တိုက်ခိုက်မှုကြောင့် မီးခိုးများ ထွက်ပေါ်နေစဉ် (Photo : AFP)

ဆီးရီးယားတွင် သူပုန်များ ထိန်းချုပ်ထားသော နောက်ဆုံးပြည်နယ် အိုင်ဒလစ် တည်ငြိမ်ရေးအတွက် အင်အားကြီး သုံးနိုင်ငံက ဆွေးနွေးနေစဉ် ရုရှားက စက်တင်ဘာ ၇ ရက်တွင် အိုင်ဒလစ်၌ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုနေ့နှောင်းပိုင်းတွင် သဘောထား တင်းမာသော သူပုန်များက ထိုပြည်နယ်နှင့် ကပ်လျက်ဒေသတွင် အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးလည်း သေဆုံးခဲ့ရကြောင်း ထိုစောင့်ကြည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အယ်ကေးဒါးနှင့် ဆက်နွှယ်သော ဆီးရီးယား ဂျီဟတ်အဖွဲ့နှင့် တူရကီ ကျောထောက်နောက်ခံပြု ပြိုင်ဘက်သူပုန်များက ထိန်းချုပ်ထားသည့် အိုင်ဒလစ်ပြည်နယ်ကို ထိုးစစ်မစတင်မီ ဆီးရီးယားအစိုးရ တပ်ဖွဲ့များသည် ထိုပြည်နယ်တစ်ဝိုက်၌ ရောက်ရှိနေသည်မှာ သီတင်းပတ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။ ဂျီဟတ်မဟာမိတ်အဖွဲ့ Hayat Tahrir al-Sham (HTS) နှင့် သဘောထား တင်းမာသော Ahrar al-Sham အဖွဲ့တို့က ထိန်းချုပ်ထားသည့် အိုင်ဒလစ် အနောက်တောင်ပိုင်းရှိ သူပုန်များ၏ နေရာများကို စက်တင်ဘာ ၇ ရက် အစောပိုင်းတွင် ရုရှားက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း Hobait ဒေသရှိ Ahraral-Sham စခန်းတစ်ခု ပျက်စီးခဲ့ပြီး သူပုန်လေးဦး သေဆုံးခဲ့ကာ အခြားလူ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုဗုံးကြဲ တိုက်ခိုက်မှုအတွင်း သိုးထိန်းတစ်ဦးလည်း သေဆုံးခဲ့ပြီး အခြားလူလေးဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့သည် တိုက်ခိုက်ရေးသမားများ သို့မဟုတ် အရပ်သားများ ဟုတ်၊ မဟုတ်သည် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စက်တင်ဘာ ၇ ရက် ညနေတွင် အိုင်ဒလစ်နှင့် ထိစပ်နေသည့် နယ်စပ်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဟားမားစ် ပြည်နယ်ရှိ မာရာဒါမြို့ကို သဘောထားတင်းမာသည့် သူပုန်များက အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အစောပိုင်း လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် ထိုတိုက်ခိုက်မှုများကြောင့် အမျိုးသမီးခြောက်ဦး အပါအ၀င် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရကြောင်း စောင့်ကြည့်အဖွဲ့၏ ခေါင်းဆောင် ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် တီဟီရန်၌ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီ၊ တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းတို့သည် အိုင်ဒလစ်ပြည်နယ် တည်ငြိမ်ရေးနှင့် သက်ဆိုင်သည့် ခိုင်မာသော တုံ့ပြန်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ သို့သော် ပူးတွဲကြေညာချက်၌မူ အသေးစိတ် အချက်အလက် အနည်းငယ်သာ ပါဝင်ခဲ့သည်။

လူသေဆုံးမှု အနည်းဆုံးဖြင့် အိုင်ဒလစ်မှ သူပုန်များအား ချေမှုန်းနိုင်ရန် ဆီးရီးယားသမ္မတ ဘာရှားအယ် အာဆတ်အစိုးရအား ကူညီလိုကြောင်း အီရန်က ပြောကြားထားသည်။ ရုရှားက သာမန်တိုက်ခိုက်ရေး သမားများနှင့် အကြမ်းဖက် သမားများအား ခွဲခြားရန် ဆက်လက် လုပ်ဆောင်နေဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် သူပုန်များနှင့် ဂျီဟတ်များအား ထိန်းချုပ်ရန် တူရကီက ၎င်း၏ သြဇာအာဏာကို အသုံးပြုရန် ရုရှားက လိုလားနေသည်။ အိုင်ဒလစ်အား ထိုးစစ်ဆင်မှုသည် ဆီးရီးယား စစ်ပွဲအတွင်း အကြီးမားဆုံး လူသားချင်း စာနာမှု အကျပ်အတည်း ဖြစ်လာစေနိုင်သည်။

Ref : AFP

September 8, 2018














Copy Protected by Chetan's WP-Copyprotect.