ရွေးကောက်ပွဲအား ရုရှားဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု၌ ထရန့်၏ အကြံပေးဟောင်း ထောင်ဒဏ်ချမှတ်ခံရ

ရွေးကောက်ပွဲအား ရုရှားဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု၌ ထရန့်၏ အကြံပေးဟောင်း ထောင်ဒဏ်ချမှတ်ခံရ
Published 9 September 2018

စက်တင်ဘာ ၇ ရက်တွင် ဖလော်ရီဒါရှိ တရားရုံးသို့ ထရန့်၏ အကြံပေးဟောင်း ပါပါဒိုပူလော့စ်၏ ဇနီး (ဝဲ) က ရောက်ရှိလာစဉ် (Photo : AP)

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးနေမှုတွင် ရုရှားနှင့် ဆက်သွယ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အကြံပေးဟောင်း တစ်ဦးသည် အက်ဖ်ဘီအိုင် အဖွဲ့အား လိမ်လည်ခဲ့မှုအတွက် စက်တင်ဘာ ၇ ရက်တွင် ထောင်ဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားရေးမူဝါဒ အကြံပေးဟောင်းဖြစ်သူ ဂျော့ပါပါဒိုပူလော့စ်သည် အပြစ်ရှိကြောင်းနှင့် နောင်တရကြောင်း ဝန်ခံထွက်ဆိုခဲ့မှုကို ခရိုင်တရားသူကြီး ရန်ဒိုမော့စ်က အသိအမှတ်ပြုခဲ့ပြီး ထောင်ဒဏ် ၁၄ ရက်ချမှတ်ခဲ့သည်။ သို့သော် ပါပါဒိုပူလော့စ်သည် နိုင်ငံလုံခြုံရေးအတွက် အရေးပါသော စုံစမ်းစစ်ဆေးမှုတွင် လိမ်လည်ခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ထရန့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှားတို့အကြား လျှို့ဝှက်ပူးပေါင်း ကြံစည်မှု ရှိ၊ မရှိအား စုံစမ်းစစ်ဆေးမှု ၁၆ လ ကြာမြင့်လာချိန်တွင် အသက် ၃၁ နှစ်ရှိ ပါပါဒိုပူလော့စ်သည် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ထရန့်၏ လက်ထောက်ဟောင်း နှစ်ဦးသည် ကြီးလေးသော ပြစ်မှုများတွင် စီရင်ချက် ချမှတ်ခံခဲ့ရပြီးနောက် နှစ်ပတ်ကျော်အကြာ၌ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မေတွင် စတင်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့ပြီးဖြစ်သည့် အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်း ရောဘတ်မူလာ ဦးဆောင်သော ထိုစုံစမ်းစစ်ဆေးမှုအတွက် ထိုစီရင်ချက်များသည် အရေးမပါကြောင်း ထရန့်က ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ စွဲချက်တင်မှု ၃၅ ခု၊ အပြစ်ရှိကြောင်း ဝန်ခံမှု ငါးခု၊ ရုံးတင်စစ်ဆေးနေမှုတစ်ခု ရှိလာမှုများကိုမူ လျစ်လျူရှုခဲ့သည်။

ပါပါဒိုပူလော့စ်သည် ၂၀၁၆ ခုနှစ် မတ်တွင် ထရန့်၏ မဲဆွယ်အဖွဲ့နှင့် ပူးပေါင်းခဲ့ချိန်၌ အတွေ့အကြုံ မရှိသော လန်ဒန်အခြေစိုက် ရေနံလုပ်ငန်း လေ့လာသုံးသပ်သူ တစ်ဦးသာ ဖြစ်ခဲ့သည်။ မဲဆွယ်အဖွဲ့၏ ဦးစားပေးမှာ ရုရှားနှင့် ဆက်ဆံရေး တိုးတက်စေရန် ဖြစ်သည်ဟု ညွှန်ကြားခံရပြီးနောက် ပါပါဒိုပူလော့စ်သည် ကရင်မလင်နှင့် ဆက်နွှယ်မှုရှိသော လျှို့လျှို့ဝှက်ဝှက် ပါမောက္ခ ဂျိုးဇက်မစ်ဆော့ဒ်နှင့် ဆက်သွယ်ခဲ့သည်။ မစ်ဆော့ဒ်သည် ရုရှားသမ္မတပူတင်၏ တူမဆိုသူဟု အခိုင်အမာ ဆိုခဲ့သည့် အမျိုးသမီးတစ်ဦး အပါအဝင် အပြင်ပန်းအားဖြင့် ပူတင်နှင့် ဆက်နွှယ်မှုများရှိသော အခြားသူများအား ပါပါဒိုပူလော့စ်နှင် မိတ်ဆက်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လကုန်တွင် မဲဆွယ်အဖွဲ့ အစည်းအဝေးအပြီး၌ ပါပါဒိုပူလော့စ်က သူသည် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထရန့်-ပူတင် ဆွေးနွေးပွဲတစ်ရပ်ကို စီစဉ်ပေးနိုင်သည့် အဆက်အသွယ်များ လန်ဒန်၌ ရှိနေကြောင်း ထရန့်အပါအဝင် အထက်လွှတ်တော် အမတ်ဟောင်းနှင့် ယခုအခါ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်းနှင့် အခြားမဲဆွယ် တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ စက်တင်ဘာ ၇ ရက်နှောင်းပိုင်းတွင် စီအင်န်အင်န်နှင့် အင်တာဗျူးတစ်ခု၌ ပါပါဒိုပူလော့စ်က ထရန့်သည် ထိုအစီအစဉ်အား ခေါင်းညိတ်ခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့ကြောင်း၊ သို့သော် ထရန့်-ပူတင် ဆွေးနွေးပွဲကို ဆက်ရှင်းက အမှန်တကယ် စိတ်အားထက်သန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားတွင် ကလင်တန်အကြောင်း အီးမေးလ် ထောင်ပေါင်းများစွာ ရှိနေကြောင်းလည်း မစ်ဆော့ဒ်က ၎င်းအား ဧပြီတွင် ပြောကြားခဲ့ကြောင်း ပါပါဒိုပူလော့စ်က ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent