<

မြောက်ကိုရီးယားခေါင်းဆောင် ကင်ထံမှ အပြုသဘောဆောင်သည့် စာတစ်စောင်ရရှိရန် ထရန့် မျှော်မှန်းနေ

စက်တင်ဘာ ၅ ရက်တွင် ပြုံယမ်း၌ တောင်ကိုရီးယား အထူးသံတမန်ကို စကားပြောနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo : AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ အပြုအသဘောဆောင်သည့် စာအသစ်တစ်စောင်ကို ရရှိရန် မျှော်လင့်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထရန့်သည် ထိုသို့ ပြောကြားခဲ့ခြင်းဖြင့် သီတင်းပတ်ပေါင်းများစွာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်၌ နျူကလီးယား ကင်းစင်စေရေးအတွက် ဆွေးနွေးမှုများမှာ အသက်ဝင်နေသေးသည့် အကြောင်းကို ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်သည်။

“ကင်ဂျုံအွန်ထံကနေ ကျွန်တော့်ဆီကို ပုဂ္ဂိုလ်ရေးစာတစ်စောင် ပို့လိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီစာကို နယ်စပ်မှာ ပေးခဲ့တာပါ” ဟု ထရန့်က ၎င်းနှင့်အတူ မြောက်ဒါကိုတာသို့ သွားရောက်ခဲ့သည့် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါဟာ အပြုသဘောဆောင်တဲ့ စာတစ်စောင် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရန့်က ဖြည့်စွက်ပြောခဲ့သည်။

ယင်းစာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၎င်းထံသို့ ယူလာပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထရန့်က ဆိုသည်။ ပွန်ပီယိုသည် စက်တင်ဘာ ၆ ရက်ကလည်း ကင်ထံမှ ထုတ်ပြန်ချက် တစ်စောင်ကို ယူဆောင်ခဲ့သေးသည်။ ယင်းထုတ်ပြန်ချက်ထဲ၌ ကင်က နျူကလီးယား ဖျက်သိမ်းရေး စေ့စပ်ဆွေးနွေးမှုများတွင် အခက်အခဲများ ရှိနေသော်လည်း ၎င်းအနေနှင့် ထရန့်အပေါ် ယုံကြည်မှု ရှိနေသေးသည်ဟု ပြောကြားထားသည်။

“သူကျွန်တော့်ကို ပြောတာနဲ့ ပတ်သက်ပြီး ဒါဟာ အရမ်းကို အကောင်းဘက်ကို ဦးတည်တဲ့ ထုတ်ပြန်ချက် တစ်ခုပါ။ ဒီထက်ပိုပြီး အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်မျိုး မရှိတော့ပါဘူး” ဟု ထရန့်က ဆိုသည်။

ကင်က ထိုသို့ ပြောကြားခဲ့သည်ကို သတင်းခေါင်းစီးများအဖြစ် မတင်ခဲ့ကြကြောင်း ထရန့်က မီဒီယာများကို စွပ်စွဲခဲ့သေးသည်။ “ရိုးရိုးသားသား ပြောရရင် ခင်ဗျားတို့ သတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးမှာ အဲဒီအကြောင်းကို မတွေ့လိုက်ပါဘူး” ဟု ထရန့်က ဆိုခဲ့သည်။

ထရန့်သည် စင်ကာပူတွင် ကင်ဂျုံအွန်နှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးကတည်းက ရရှိခဲ့သည့် တိုးတက်မှုများကို ချီးကျူးခဲ့သေးသည်။ “ကျွန်တော်တို့ ဓားစာခံတွေ ပြန်လွတ်လာတယ်။ ဒီကြားထဲမှာလည်း ဘာ ဒုံးကျည်၊ ဒုံးပျံ၊ နျူကလီးယား စမ်းသပ်မှုတွေမှာလည်း မရှိဘူး။ ဒီအကြောင်းတွေကို ကျွန်တော်ပြောနေတာ အခေါက်ပေါင်းရာနဲ့ ချီနေပြီ” ဟု ထရန့်က ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် စက်တင်ဘာ ၆ ရက်က တောင်ကိုရီးယားမှ အထူးသံတမန် တစ်ဦးနှင့် တွေ့ဆုံစဉ်ကလည်း နျူကလီးယား ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် စိတ်ပိုင်းဖြတ်ထားကြောင်းကို ထပ်မံပြောကြားခဲ့သည်။ ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့သည်လည်း စက်တင်ဘာ ၁၈-၂၀ ရက်တို့တွင် ပြုံယမ်း၌ တွေ့ဆုံကြဦးမည် ဖြစ်သည်။ “ကိုရီးယား ကျွန်းဆွယ်ပေါ်က နျူကလီးယား ဖျက်သိမ်းရေးကို သိရှိနားလည်အောင် မြောက်ရော၊ တောင်ပါပိုပြီး ကြိုးပမ်းအားထုတ် သင့်ပါတယ်” ဟု ကင်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

Ref : AFP

September 8, 2018














Copy Protected by Chetan's WP-Copyprotect.