အမေရိကန်နှင့် ကုန်သွယ်မှုတွင် တရုတ်က ပိုငွေပြမှု သြဂုတ်လတွင် ဒေါ်လာ ၃၁ ဘီလျံဖြင့် စံချိန်သစ်တင်

အမေရိကန်နှင့် ကုန်သွယ်မှုတွင် တရုတ်က ပိုငွေပြမှု သြဂုတ်လတွင် ဒေါ်လာ ၃၁ ဘီလျံဖြင့် စံချိန်သစ်တင်
Published 9 September 2018

မတ် ၂၃ ရက်တွင် ပေကျင်း၌ အမေရိကန် အဝတ်အစား စတိုးဆိုင် တစ်ဆိုင်ရှေ့မှ နှာခေါင်းစည်း တပ်ထားသော အမျိုးသမီးတစ်ဦး ဖြတ်သန်းသွားစဉ် (Photo : AP)

အမေရိကန်နှင့် ကုန်သွယ်မှုတွင် တရုတ်ဘက်မှ ပိုငွေပြမှုသည် သြဂုတ်လ၌ ဒေါ်လာ ၃၁ ဘီလျံနှင့် စံချိန်သစ်တင်ခဲ့ကြောင်း တရားဝင် စာရင်းအင်းများက စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲ မီးတောက်ကို ပိုမိုကြီးမား စေခဲ့သည်။

အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းရန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက် အကောက်ခွန်ဌာနမှ စာရင်းအင်းများ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လနှင့်ချီ ကြာမြင့်သော ကုန်သွယ်ရေး အငြင်းပွားမှုတွင် ပိတ်မိနေသော ကမ္ဘာ့အင်အား အကြီးဆုံး စီးပွားရေး နှစ်နိုင်ငံသည် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နေသော်လည်း အရာမထင် ဖြစ်နေသည်။

ဇူလိုင်လတွင် ဒေါ်လာ ၃၄ ဘီလျံ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်း ပြဋ္ဌာန်းရန် ထရန့်က ညွှန်ကြားခဲ့သည်။ ထို့နောက် ထရန့်က သြဂုတ်လတွင် နောက်ထပ် ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိသော ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ထပ်မံပြဋ္ဌာန်းခဲ့သည်။ တရုတ်ကလည်း လက်တုံ့ပြန်ရန် စည်းကြပ်ခွန်များ ပြဋ္ဌာန်းခဲ့သည်။

တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ပြဋ္ဌာန်းသော်လည်း အမေရိကန်တွင် တရုတ်လုပ် ထုတ်ကုန်များအား ဝယ်ယူလိုမှု ထိခိုက်ခဲ့ဖွယ်မရှိပေ။ သြဂုတ်လတွင် အမေရိကန်သို့ တရုတ်သွင်းကုန် တင်သွင်းမှုသည် ဒေါ်လာ ၄၄.၄ ဘီလျံဖိုးအထိ မြင့်တက်ခဲ့ပြီး ယမန်တစ်နှစ်ကထက် ၁၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အမေရိကန်က တရုတ်သို့ တင်ပို့မှုသည် ဒေါ်လာ ၁၃.၃ ဘီလျံရှိခဲ့ပြီး ယခင်တစ်နှစ်ကထက် နှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန် စာရင်းအင်းများက ဆိုသည်။ အမေရိကန်နှင့် ကုန်သွယ်မှုတွင် တရုတ်၏ ပိုငွေပြမှုသည် သြဂုတ်လတွင် ထပ်မံမြင့်တက်ခဲ့ပြီး ယမန်တစ်နှစ် အလားတူ ကာလကထက် ၁၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စာရင်းအင်းများက တွေ့ရှိခဲ့သည်။ အမေရိကန်နှင့် ကုန်သွယ်ရာတွင် တရုတ်၏ ပိုငွေပြမှုသည် မြင့်တက်ခဲ့သော်လည်း ကျန်ကမ္ဘာနှင့် ကုန်သွယ်မှု၌ ဒေါ်လာ ၂၇.၉ ဘီလျံပိုငွေပြခဲ့ပြီး တည်ငြိမ်နေခဲ့သည်။

ထရန့်က ကုန်သွယ်ရေး စစ်ပွဲများသည် အလွယ်တကူ အနိုင်ရနိုင်ကြောင်း ကြွားဝါထားပြီး ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချရန်အတွက် တရုတ်အစိုးရက အရေးယူ ဆောင်ရွက်မှုမရှိလျှင် တရုတ်သွင်းကုန်အားလုံးကို စည်းကြပ်ခွန် ပြဋ္ဌာန်းမည်ဟု ခြိမ်းခြောက်ထားသည်။

ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ထပ်မံပြဋ္ဌာန်းမည်ဟု စက်တင်ဘာ ၇ ရက်တွင် ထရန့်က သတိပေးခဲ့သည်။ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိသော အမေရိကန် ထုတ်ကုန်များကို စည်းကြပ်ခွန် ပြန်လည်ပြဋ္ဌာန်းမည်ဟု ပေကျင်းက သတိပေးခဲ့သည်။

စည်းကမ်းထိန်းချုပ်မှုများ တင်းကျပ်ခြင်းနှင့် အခြားစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် တရုတ်က လက်တုံ့ပြန်နိုင်ပြီး ၎င်းတို့ လက်ဝယ်ထားရှိသော အမေရိကန်ဘဏ္ဍာရေး အာမခံ ငွေကြေးစာချုပ်များကိုပင် ထုတ်ရောင်းချ နိုင်သည်ဟု စီးပွားရေး လုပ်ငန်းများက သတိပေးထားသည်။ တရုတ်ကုန်ပစ္စည်း နောက်ထပ် ဒေါ်လာ ၂၆၇ ဘီလျံဖိုးကို စည်းကြပ်ခွန်ပြဋ္ဌာန်းရန် အသင့်ရှိကြောင်း ထရန့်က မြောက်ဒါကိုတာပြည်နယ်ရှိ ဖာရိမြို့သို့ သွားစဉ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent