<

ဘရာဇီးရွေးကောက်ပွဲ၌ ဦးဆောင်နေသော လက်ယာယိမ်းသမ္မတ ကိုယ်စားလှယ်လောင်း ဓားဖြင့် ထိုးခံရ

စက်တင်ဘာ ၆ ရက်တွင် ဘရာဇီးတောင်ပိုင်း၌ မဲဆွယ်နေစဉ် ဓားထိုးခံရပြီးနောက် သမ္မတလောင်း ဘော်ဆွန်နာရိုကို တွေ့ရစဉ် (Photo – AFP)

ဘရာဇီးရွေးကောက်ပွဲတွင် ဦးဆောင်နေသော လက်ယာယိမ်း သမ္မတကိုယ်စားလှယ်လောင်း ဂျယ်ယာဘော်ဆွန်နာရိုသည် စက်တင်ဘာ ၆ ရက်က မဲဆွယ်စည်းရုံးမှု ပြုလုပ်နေစဉ် ဓားထိုးခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သည်။ ကျူးလွန်သည်ဟု သံသယရှိခံရသူက ဘုရားသခင်၏အမိန့် အတိုင်းလုပ်ရခြင်းဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ဘရာဇီးသမ္မတရွေးကောက်ပွဲထဲမှ ထူးခြားဆန်းကြယ်သည့် နောက်ဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ အကျဉ်းကျနေသော သမ္မတဟောင်းနှင့် လက်ဝဲသူရဲကောင်း တစ်ဦးဖြစ်သော လူးဝစ်အင်နာစီယို လူလာဒါဆေးဗားသည်လည်း ယခုရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန် ကြိုးပမ်းနေပြီး ၎င်းက ရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်း ဖြစ်နေခဲ့သည်။ သို့သော် စက်တင်ဘာ ၆ ရက်တွင် လူလာကို ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ချက်နှင့် မကိုက်ညီဟု တရားရုံးချုပ်ကအမိန့်ချခဲ့သည်။ ရွေးကောက်ပွဲပထမအကျော့ကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဘော်ဆွန်နာရိုသည် နိုင်ငံအရှေ့ တောင်ပိုင်းမြို့ ဂျူးအက်စ်ဒီဖိုရာ၌ မဲဆွယ် စည်းရုံးရေးအတွက် လူထုကြားထဲ၌ ရှိစဉ်  ဗိုက်ကို ဓားဖြင့်ထိုးခံခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ဘော်ဆွန်နာရိုသည် ခွဲစိတ်ကုသမှုခံယူထားပြီး အခြေအနေတည်ငြိမ်မှု ရှိသည်ဟု သိရသည်။ လူမှုမီဒီယာနှင့် ရုပ်သံလိုင်းများတွင် ပြသမှုအရ ဘော်ဆွန်နာရိုအား ထောက်ခံသူ လူအုပ်က ပုခုံးပေါ်မှထမ်းလာကြစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ထိုးခြင်း ဖြစ်သည်။ တိုက်ခိုက်သူသည် ဓားကို ရှပ်အင်္ကျီထဲ၌ ထည့်လာပြီး ဘော်ဆွန်နာရိုအား လူအုပ်က ချီမြှောက်လာစဉ် တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ရဲကို ပြောကြားခဲ့သည်။

တိုက်ခိုက်သူကို ချက်ချင်းဖမ်းမိခဲ့ပြီး ထိုလူသည် အသက် ၄၀ အရွယ် အဒယ်လီယို ဘီစပိုဒီအိုလီဗိုင်ရာ အမည်ရှိကာ ၂၀၀၇ မှ ၂၀၁၄ အထိ လက်ဝဲယိမ်း PSOL ပါတီဝင်ဖြစ်ခဲ့သည်ဟု သိရသည်။ ဘီစပိုဒီအိုလီဗိုင်ရာက ၎င်းသည် ဘုရားသခင်ကပေးသည့် တာဝန်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖယ်ဒရယ်ရဲများသမဂ္ဂမှအကြီးအကဲ လူးဝစ်ဘောင်ဒန်က ပြောကြားခဲ့သည်။

လက်ရှိတွင် သံသယရှိသူ၏ စိတ်ကျန်းမာရေးအခြေအနေကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြသည်။ ၎င်း၏ Facebook စာမျက်နှာတွင် ဘော်ဆွန်နာရိုကို ရှုတ်ချပြီး ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို ထောက်ခံကြောင်း ပို့စ်ကို မကြာသေးမီက တင်ထားသည်ကို တွေ့ခဲ့ရသည်။

သမ္မတကိုယ်စားလှယ်လောင်း ဘော်ဆွန်နာရိုသည် စစ်သားနှင့် ဥပဒေပြုအမတ် ဖြစ်ခဲ့သူဖြစ်သည်။ ၎င်းသည် လိင်တူချစ်သူများကို မုန်းတီးခြင်း၊ လူမျိုးရေးခွဲခြင်းခြင်းတို့ကြောင့် ဝေဖန်ခံနေရသည်။

ဘရာဇီးမှ ထရန့်

လူလာဒါဆေးဗား ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပယ်ချခံရပြီးနောက် နောက်ဆုံးကောက်ခံခဲ့သည့် လူထုသဘောထားစစ်တမ်းအရ ဘော်ဆွန်နာရိုသည် ၂၂ ရာခိုင်နှုန်း ရရှိကာ ၁၂ ရာခိုင်နှုန်းစီသာ ရရှိထားသော ပြိုင်ဘက်များ ဖြစ်ကြသည့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ မာရီနာဆေးဗာနှင့် ဗဟိုလက်ဝဲယိမ်းစီယိုဂွန်းတို့ကို အပြတ်အသတ် ဦးဆောင်နေသည်။

ဘရာဇီး၏ ဒေါ်နယ်ထရန့်ဟု ခေါ်ခံနေရသော ဘော်ဆွန်နာရိုသည် မြင့်တက်လာသည့် ရာဇ၀တ်မှုများကို တန်ပြန်ရန် တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ပြုမည်ဟု ကတိပေးထားသည်။

Ref ; AFP

September 7, 2018














Copy Protected by Chetan's WP-Copyprotect.