<

အိမ်ဖြူတော်ကို ဝေဖန်သော အမည်မဖော်သည့်ဆောင်းပါးရှင်အား ဖော်ထုတ်ပေးရန် ထရန့်က နယူးယောက်တိုင်းမ်ကို တောင်းဆို

အိမ်ဖြူတော်ကို ဝေဖန်သော အမည်မဖော်သည့်ဆောင်းပါးရှင်အား ဖော်ထုတ်ပေးရန် ထရန့်က နယူးယောက်တိုင်းမ်ကို တောင်းဆို (Photo – AP)

၎င်း၏ သမ္မတဖြစ်တည်မှုအား အဆိုးရွားဆုံး အကျပ်အတည်းသို့ သက်ဆင်းစေမည့် ဆောင်းပါးကိုအမည်မဖော်ဘဲ ရေးသားထားသည့် ဆောင်းပါးရှင်ကို ထုတ်ပြန်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၆ ရက်တွင် နယူးယောက်တိုင်းမ်ကို တောင်းဆိုခဲ့သည်။

အညတရ သူရဲကောင်းများသည် သမ္မတထရန့်၏ အဆိုးရွားဆုံး လိုအင်ဆန္ဒများကို ကဖျက်ယဖျက်လုပ်ရန် အစိုးရအဖွဲ့တွင်း၌ပင် လျှို့ဝှက်စွာ လုပ်ဆောင်နေကြကြောင်း အမည်မဖော်သော ထိုတာဝန်ရှိသူက နယူးယောက် တိုင်းမ်တွင် စက်တင်ဘာ ၅ ရက်၌ ဖော်ပြခဲ့သော ဆောင်းပါး၌ ရေးသားထားသည်။ “ဒီဆောင်းပါးရှင်က ဘယ်သူလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ သူတို့ရဲ့ လျှို့ဝှက်လုပ်ငန်းစဉ်တွေကို တွန်းအားပေးဖို့ မဲဆန္ဒရှင်တွေကို အာခံနေတဲ့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အစိုးရအဖွဲ့ထဲမှာ နက်နက်ရှိုင်းရှိုင်းပါဝင်နေတဲ့သူတွေက ဒီမိုကရေစီအတွက် အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခုပါ” ဟု ထရန့်က မွန်တားနားပြည်နယ် ဘီလင်းစ်မြို့တွင် လူထုစုဝေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။

သမ္မတသည် ၎င်း၏ရုံးတွင် သြဇာအာဏာနှင့် တာဝန်များကို ထမ်းဆောင်နိုင်ခြင်း မရှိတော့လျှင် ၎င်းအား ထုတ်ပယ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ ကို ကျင့်သုံးရန် အစိုးရအဖွဲ့ ၀င်များက ကနဦးတွင် စဉ်းစားခဲ့သေးကြောင်း ထိုဆောင်းပါးရှင်က ရေးသားခဲ့သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို စိုးရိမ်၍ ၎င်းတို့က ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ဟု ထိုဆောင်းပါးရှင်က ရေးသားခဲ့သည်။

အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ရှုထောင့်မှနေ၍ ထရန့်က နယူးယောက်တိုင်းမ်သည် ထိုတာဝန်ရှိသူ၏အမည်ကို ထုတ်ပြန်သင့်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ အမည်မဖော်သည့် ထိုဆောင်းပါးရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းခံခဲ့ရသူများတွင် ပါဝင်သော အမေရိကန် ဒုတိယ သမ္မတ မိုက်ပင့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာ ဒန်ကုတ်တို့က အသီးသီး ငြင်းဆန်ခဲ့သည်။

ထရန့်၏ အိမ်ဖြူတော်သည် အထိန်းအကွပ်မဲ့နေသော အရူးတို့၏မြို့ဖြစ်နေကြောင်း ၀ါးတားဂိတ်အရှုပ်တော်ပုံအား ဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက် Bob Woodward က အစွမ်းကုန်ဖွင့်ချထားသောစာအုပ်မှ ကောက်နုတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး နောက်တိုင်းမ်တွင် ထိုဆောင်းပါး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထရန့်က ထိုဆောင်းပါးရှင်သည် နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်းရှိ၊ မရှိအား Twitter ၌ မေးခွန်းထုတ်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူ မီလန်နီယာထရန့်ကလည်း ထိုဆောင်းပါးရှင်သည် နိုင်ငံကို ကာကွယ်ခြင်းမမည်ဘဲ အဖျက်အမှောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

သမ္မတ၏ ထိပ်တန်းလက်ထောက်များသည် ထရန့်၏စိတ်လိုက်မာန်ပါလုပ်ဆောင်မှုများမှ ထိန်းသိမ်းနိုင်ရန် ဘဲဥပုံရုံးခန်းရှိ ၎င်း၏စားပွဲပေါ်မှ မှတ်တမ်းများကို သိမ်းယူသွားခဲ့ကြောင်း Woodward ၏ Fear ; Trump in the White House စာအုပ်တွင် ဖော်ပြခဲ့ရာ တိုင်းမ်ဆောင်းပါးမှ ဖော်ထုတ်ရေးသားမှုများကို ပိုမိုအားကောင်းစေခဲ့သည်။ တိုင်းမ်၏ op – ed စာမျက်နှာကို ကိုင်ရသော James Dao က ကြားခံလူတစ်ဦးမှတစ်ဆင့် ထိုဆောင်းပါးအား ပြီးခဲ့သောရက်များ အတွင်းရရှိခဲ့ပြီး ဆောင်းပါးရှင်နှင့်တိုက်ရိုက် စကားပြောခဲ့ဟု ဆိုသည်။

Ref ; AFP

September 7, 2018














Copy Protected by Chetan's WP-Copyprotect.