အမေရိကန်နှင့် အိန္ဒိယတို့က ပူးတွဲစစ်ရေးလေ့ကျင့်မည့်အကြောင်း ကြေညာပြီး နှစ်နိုင်ငံဆက်ဆံရေးကို အမွှမ်းတင်

အမေရိကန်နှင့် အိန္ဒိယတို့က ပူးတွဲစစ်ရေးလေ့ကျင့်မည့်အကြောင်း ကြေညာပြီး နှစ်နိုင်ငံဆက်ဆံရေးကို အမွှမ်းတင်
Published 8 September 2018

စက်တင်ဘာ ၆ ရက်တွင် နယူးဒေလီ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ် (ယာ)၊ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ဝဲ) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (လယ်) တို့ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်နှင့် အိန္ဒိယမှ ထိပ်တန်းအရာရှိများသည် စက်တင်ဘာ ၆ ရက်က နှစ်နိုင်ငံကြားမှ နက်ရှိုင်းသော ဆက်ဆံရေးကို အမွှမ်းတင်ခဲ့ကြသည်။ ယင်းကြောင့်နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ပူးပေါင်းမှု ပိုမိုမြင့်တက်လာမည့်အပြင် အမေရိကန်စစ်လက်နက်များအား အိန္ဒိယက ပို၍ ဝယ်ယူလာနိုင်စေ မည်ဖြစ်သည်။

အမေရိကန်သည် ဒေသတွင်း၌ တရုတ်၏စီးပွားရေးနှင့် စစ်ရေးအင်အားကြီးထွားလာမှုကို တန်ပြန်ရန်အတွက် မိတ်ဖက်များရှာဖွေနေစဉ် အိန္ဒိယနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရရှိလာခြင်းဖြစ်သည်။ ဥပမာအားဖြင့် အိန္ဒိယနှင့် အမေရိကန်တို့သည် လာမည့်နှစ်တွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးများ ကျင်းပရန် အစီအစဉ်များကို အိန္ဒိယကာကွယ်ရေးဝန်ကြီး နီယာမာလာစီသာရာမန်က ကြေညာခဲ့သည်။

အိန္ဒိယနှင့် အမေရိကန်ကြားတွင် ယခင်က ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ တစ်ပြိုင်နက် စစ်ရေးလေ့ကျင့်မှုမျိုးမရှိသဖြင့် ယခုကျင်းပမည့် စစ်ရေးလေ့ကျင့်မှုများက ပထမဆုံးဖြစ်လာလိမ့်မည်ဖြစ်သည်။ “၂၀၁၉ ခုနှစ်ကျရင် အိန္ဒိယ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန်နဲ့ ပထမဆုံးအကြိမ် ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”  ဟု စီသာရာမန်က ပြောကြားခဲ့သည်။

စီသာရာမန်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှာမာဆွာရာ့ဂျ်နှင့်အတူ အမေရိကန်နိုင်ငံခြားဝန်ကြီး မိုက်ပွန်ပီယို၊ ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်တို့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲအပြီးတွင် ပွန်ပီယိုက “ နှစ်နိုင်ငံကြားမှာ ယခင်ကမရှိဖူးတဲ့ သမိုင်းဝင် အထူးဆက်ဆံရေးတစ်ခု ရှိသွားပါပြီ” ဟု ပြောကြားခဲ့သည်။

ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပြင် အိန္ဒိယ နှင့် အမေရိကန်တို့သည် ဆက်သွယ်ရေးစွမ်းရည်နှင့် လုံခြုံရေးသဘောတူညီချက်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ COMCASA ဟုခေါ်သော ထိုသဘောတူညီချက်အရ နှစ်နိုင်ငံကြားတွင် အရေးကြီးသော စစ်ရေးအချက်အလက်များကို လျင်လျင်မြန်မြန်နှင့် လျှို့ဝှက်စွာဖလှယ်နိုင်မည်ဖြစ်သည်။

အမေရိကန်နှင့် အိန္ဒိယသည် အခြေခံအခွင့်အရေးနှင့် လွတ်လပ်မှုတို့ကို လက်ကိုင်ပြုပြီး ပြည်ပမှ စီးပွားရေး အကျပ်ကိုင်မှုကို ကာကွယ်ရန်လည်း မျှော်လင့်သည်ဟု ပွန်ပီယိုက ပြောကြားခဲ့ပြီး တရုတ်နှင့် ၎င်း၏ Belt and Road စီမံကိန်းကို ရည်ညွှန်းသည်ဟု ယူဆရသည်။

အိန္ဒိယသည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် ဒေါ်လာ ၂၅ ဘီလျံ ပိုငွေပြနေသည်။ ထို့ကြောင့် အိန္ဒိယဘက်မှ အမေရိကန်၏ အရပ်ဘက်သုံးလေယာဉ်များနှင့်  သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူရန်

သဘောတူညီမှု မူကြမ်းတစ်ခုကို အမေရိကန်သည် ပြီးခဲ့သည့်လက အဆိုပြုထားကြောင်း Hindu Daily သတင်းစာတွင် စက်တင်ဘာ ၇ ရက်က ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် အမေရိကန်တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးစီမံကိန်းများတွင် ပိုမိုပူး ပေါင်းဆောင်ရွက်ရန်လည်း ကတိပြုထားကြောင်း သိရသည်။

အမေရိကန်သည် နှစ်နိုင်ငံကြားတွင် လက်နက်သဘောတူညီချက်များ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူရန်အတွက် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယကို အဓိက ကာကွယ်ရေးမိတ်ဖက် နိုင်ငံဟု သတ်မှတ်ခဲ့သည်။ သို့သော်အိန္ဒိယသည် ရုရှား၏ S-400 တာဝေးပစ်နှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ အပါအဝင် စနစ်သစ်များဝယ်ယူရန် သဘောတူညီချက်တစ်ခုကို အပြီးသတ်နေပြီဖြစ်သည်။ ယခု သတင်းစာရှင်းလင်းပွဲတွင် S-400 ကိစ္စအား မည်သို့ လုပ်ဆောင်မည်ကို မည်သည့်ဘက်ကမှ မရှင်းလင်းသွားခဲ့ပေ။

Most Read

Most Recent