ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတွင် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူရှစ်ဦးသေဆုံး

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတွင် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူရှစ်ဦးသေဆုံး
Published 7 September 2018

စက်တင်ဘာ ၆ ရက်တွင် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်း၌ ငလျင်လှုပ်ခတ်ပြီး မြေပြိုမှုကြောင့် ပျက်စီးနေမှုကို ဝေဟင်မှ ရိုက်ကူးထားစဉ် (Photo: AFP)

ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်းတွင် စက်တင်ဘာ ၆ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ပြီး မြေပြိုမှုများကြောင့် လူရှစ်ဦးထက် မနည်းသေဆုံးခဲ့ကာ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းကာလအတွင်း အင်အားပြင်း တိုင်ဖွန်းကြီး ဝင်ရောက် တိုက်ခတ်ခံခဲ့ရသည့် လူနေနည်းသောကျေးလက်ဒေသတွင် မြေပြိုမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်ခြေရှိ နေအိမ်ဒါဇင်ပေါင်းများစွာသည် မြေပြိုမှုများကြောင့် ပျက်စီးနေပုံများနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်းပေါ်သို့ ဒေသခံတစ်ဦးအား ဆွဲတင်နေပုံကို ဝေဟင်မှ ရိုက်ကူးထားသည့်ပုံများတွင် တွေ့မြင်ရသည်။ ငလျင်ဒဏ်ကြောင့် ဒေသတွင်းရှိ ဓာတ်အားပေးရုံကြီး ပျက်စီးသွားပြီးနောက် အိမ်ခြေသုံးသန်းဝန်းကျင်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း သိရသည်။

ဟော့ကိုင်းဒိုးရှိ တိုမာရီနျူကလီးယား ဓာတ်ပေါင်းဖိုမှာ ငလျင်မလှုပ်ခတ်ခင်ကတည်းက လုပ်ငန်းများ ရပ်ဆိုင်းထားသော ဓာတ်ပေါင်းဖိုဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းကြောင့် ၎င်း၏အအေးပေးစနစ်ကို ထိန်းသိမ်းရန်အတွက် သိုလှောင်လျှပ်စစ်ဓာတ်အားကို အရေးပေါ် သုံးစွဲခဲ့ရကြောင်း NHK သတင်းဌာနက ဆိုသည်။

ကနဦးပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးပြီးနောက် ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိသည့် နောက်ဆက်တွဲငလျင်တစ်ခုလည်း ထပ်မံလှုပ်ခတ်ခဲ့ပြီး ယင်းနောက်တွင် ဒါဇင်ပေါင်းများစွာသော နောက်ဆက်တွဲငလျင်ငယ်များ တစ်ညလုံး လှုပ်ခတ်သွားခဲ့သည်။ ဆာပိုရိုမြို့အရှေ့တောင်ဘက် ၆၂ ကီလိုမီတာ (၃၉ မိုင်) အကွာတွင် ဇောက်တိမ်ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် မည်သည့်ဆူနာမီ သတိပေးချက်မှ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။ ရဲတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ကယ်ဆယ်ရေးလုပ်သား ၂၀၀၀၀ ဝန်းကျင်အား ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ထားပြီးဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒေဆူဂါက ဆိုသည်။

ငလျင်ကြောင့် လူရှစ်ဦး သေဆုံးသွားကြောင်း၊ ထိုထဲမှ လေးဦးမှာ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် အာဆူမာကျေးရွာမှဖြစ်ကြောင်း၊ လူ ၄၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း NHK က ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံသည် ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်းတိုင်းဒဏ်မှ ပြန်လည်နာလန်ထူနေဆဲဖြစ်ကာ အဆိုပါမုန်တိုင်းသည် စက်တင်ဘာ ၄ ရက်က ဂျပန်အနောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံ၏ အဓိကလေဆိပ်ကြီးမှာလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။

ဟော့ကိုင်းဒိုးတွင် မြေပြိုခြင်း၊ လှိုင်းကြီးခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာနိုင်သေး၍ ပြည်သူများအား နိုးနိုးကြားကြား နေကြရန် ဂျပန်အမျိုးသားမိုးလေဝသအေဂျင်စီက သတိပေးထားသည်။

Ref: AFP

Most Read

Most Recent