ဒူတာတေးကို အစ္စရေးသမ္မတက ဟစ်တလာနှင့် ပတ်သက်၍ သြဝါဒပေးခဲ့

ဒူတာတေးကို အစ္စရေးသမ္မတက ဟစ်တလာနှင့် ပတ်သက်၍ သြဝါဒပေးခဲ့
Published 6 September 2018

စက်တင်ဘာ ၄ ရက်တွင် ဂျေရုစလင်၌ သမ္မတနေအိမ်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေး (ဝဲ) အား အစ္စရေးသမ္မတ (ယာ) က ကြိုဆိုနေစဉ် (Photo: AFP)

အစ္စရေးသမ္မတ ရူဗင်ရီဗလင်သည် စက်တင်ဘာ ၄ ရက်က ဟစ်တလာနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးအား သြဝါဒတိုတစ်ခု ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်က ဒူတာတေးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော နာဇီခေါင်းဆောင်ဟစ်တလာနှင့် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ် ပြောကြားခဲ့သူဖြစ်သည်။

“အမှန်တော့ ဟစ်တလာဟာ မာရ်နတ်ကို ကိုယ်စားပြုခဲ့တာပါ။ သူဟာ ကမ္ဘာမြေပေါ်က မာရ်နတ်ပါ” ဟု ရီဗလင်က ဂျေရုစလင်တွင်ရှိသော ၎င်း၏ရုံး၌ ဒူတာတေးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော ဂျူးများအတွက် အစ္စရေးရှိ ယာ့ဒ်ဗက်ရှန် အထိမ်းအမှတ်နေရာသို့ ဒူတာတေးသည် စက်တင်ဘာ ၃ ရက်တွင် သွားရောက်ခဲ့သည်။ အဒေါ့ဖ်ဟစ်တလာနှင့် ပတ်သက်ပြီး မည်သည့်ညွှန်းဆို ပြောကြားမှုမဆို ထိရှလွယ်သည့်အကြောင်းကို ဒူတာတေးအား ထိုနေရာမှနေ၍ ပုံဖော်ပေးလိမ့်မည်ဟုလည်း ရီဗလင်က ပြောကြားခဲ့သည်။

“ဂျေရုစလင်မှာရှိတဲ့ ယာ့ဒ်ဗက်ရှန်ကို မနေ့က ခင်ဗျားသွားတော့ ပတ်ဝန်းကျင်ရဲ့ အခြေအနေနဲ့ ဒီကပ်ဘေးကြီးမှာ ပါဝင်ခဲ့ရတဲ့ လူတွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး စိတ်ခံစားမှုတွေကို ခင်ဗျားနားလည်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ရီဗလင်က ပြောကြားခဲ့သည်။

ဒူတာတေးသည် ရီဗလင်၏ ပြောကြားမှုများကို ဂရုတစိုက် နားထောင်ခဲ့ပုံရသည်။ ယင်းနောက်တွင် အစ္စရေးနှင့် ကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရေးဆိုင်ရာ အကြောင်းတို့ကို ဒူတာတေးက ဆက်လက် ပြောကြားခဲ့သည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ်က လူထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည့် ၎င်း၏ မူးယစ်ဆေးနှိမ်နှင်းမှုနှင့် ပတ်သက်ပြီး ပြောကြားရာ၌ ဟစ်တလာအကြောင်းကို ထည့်ပြောခဲ့ခြင်းဖြစ်သည်။ “ဟစ်တလာဟာ ဂျူးသုံးသန်းကို အစုလိုက် အပြုံလိုက် သတ်ခဲ့ပါတယ်။ အခုဖိလစ်ပိုင်ထဲမှာ မူးယစ်ဆေးစွဲတဲ့သူ သုံးသန်း ရှိနေပါတယ်။ ကျွန်တော့်ဟာ သူတို့ကို ပျော်ပျော်ကြီးသတ်သွားမှာ ဖြစ်ပါတယ်” ဟု ဒူတာတေးက ပြောခဲ့သည်။ သမိုင်းပညာရှင်များကမူ နာဇီတို့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ဂျူးမှာ ခြောက်သန်းခန့် ရှိသည်ဟုဆိုကြသည်။

နောက်ပိုင်းတွင်မူ ဒူတာတေးသည် ပြန်တောင်းပန်ခဲ့ပြီး ယင်းကဲ့သို့ ပြောကြားမှုများသည် ၎င်းအား နာဇီခေါင်းဆောင်နှင့် ခိုင်းနှိုင်းကြသည့် ဝေဖန်သူများသူကို ရည်ညွှန်းခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent