အိုင်ဒလစ်၌ သွေးချောင်းစီးမည်ဟု စိုးရိမ်မှုမြင့်တက်နေစဉ် အာဆတ်ကို ဓာတုလက်နက်မသုံးရန် အမေရိကန် သတိပေး

အိုင်ဒလစ်၌ သွေးချောင်းစီးမည်ဟု စိုးရိမ်မှုမြင့်တက်နေစဉ် အာဆတ်ကို ဓာတုလက်နက်မသုံးရန် အမေရိကန် သတိပေး
Published 6 September 2018

စက်တင်ဘာ ၄ ရက်တွင် အိုင်ဒလစ်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးခဲ့သော အဆောက်အအုံတစ်လုံးကို တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ်၌ သွေးချောင်းစီးမည့် ဖြစ်စဉ်ကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးနေစဉ် အမေရိကန်ကမူ ဆီးရီးယားသမ္မတဘာ ရှားအယ်အာဆတ်အနေဖြင့် ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မည်ဆိုပါက သင့်တော်သလို အလျင်အမြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်တွင် သတိပေးခဲ့သည်။

ဆီးရီးယားထဲမှ သူပုန်တို့ နောက်ဆုံး ထိန်းချုပ်ထားရာ နေရာဖြစ်သည့် အိုင်ဒလစ်ပြည်နယ်သို့ ဗုံးနှင့်ဒုံးများဖြင့် ကြဲချတိုက်ခိုက်မည့်အရေးသည် အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ဖြစ်သွားလိမ့်မည်ဟု တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်ကလည်း သတိပေးခဲ့သည်။

လူဦးရေ သုံးသန်းနီးပါး နေထိုင်သော နိုင်ငံအနောက်မြောက်ပိုင်းမှ အိုင်ဒလစ်အား ထိုးစစ်ဆင်ရန်အတွက် အစိုးရတပ်များသည် ထိုပြည်နယ်အနီးအနားသို့ စုပြုံရောက်ရှိလာစဉ် ယခုကဲ့သို့ သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်နေခြင်းဖြစ်သည်။ ထိုစဉ် ရုရှား၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားကိုးဦးထက်မနည်း သေဆုံးခဲ့ရပြီဟု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိုင်ဒလစ်ပြည်နယ်၏ မရေရာသော အခြေအနေနှင့် ပတ်သက်ပြီး စက်တင်ဘာ ၇ ရက်၌ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေက ပြောကြားခဲ့သည်။

သူပုန်တို့ကို ကျောထောက်နောက်ခံပေးနေသော တူရကီသည် အိုင်ဒလစ်ထိုးစစ်ကို ရှောင်လွှဲနိုင်ရန် ရည်ရွယ်ပြီး ရုရှားနှင့် ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော် ရုရှားကမူ အိုင်ဒလစ်ဒေသသည် အကြမ်းဖက်သမားများ စုဝေးနေသည့်နေရာဟု အမည်တပ်ခဲ့သည်။

ဆီးရီးယားအစိုးရသည် အိုင်ဒလစ်ကို အားကုန်ထိုးစစ်မဆင်မီ စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထားပြီး အဖြေတစ်ခုရှာရန် အချိန်ပေးထားသည်ဟု ကုလသမဂ္ဂဆီးရီးယားဆိုင်ရာ ငြိမ်းချမ်းရေးသံတမန်ဖြစ်သူ စတီဖင်ဒီမစ်စတူရာက ပြောကြားခဲ့သည်။

အိုင်ဒလစ်ကို အဆင်ခြင်မဲ့ မတိုက်ခိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃ ရက်တွင် အာဆတ်ကို သတိပေးခဲ့ပြီး စက်တင်ဘာ ၄ ရက်တွင်မူ အိမ်ဖြူတော်က အာဆတ်အား ဓာတုလက်နက် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

သံအမတ် နစ်ကီဟာလေ၏ သတိပေးချက်အရ အမေရိကန်သည် ဓာတုလက်နက် အသုံးပြုမှုတစ်ခုတည်းကိုသာ ရည်ညွှန်းနေသည်ကို ပိုမိုသိသာထင်ရှားစေသည်။ “ဆီးရီးယားကို ပြန်သိမ်းဖို့ လမ်းကြောင်းကို ဆက်လိုက်မယ်ဆိုရင် သူတို့လိုက်လို့ ရပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဓာတုလက်နက်တော့ သုံးလို့မရပါဘူး” ဟု ဟာလေက ပြောကြားခဲ့သည်။

တစ်ဖက်တွင်မူ ရုရှားစစ်လေယာဉ်များသည် အိုင်ဒလစ်ပြည်နယ်အား ဗုံးကြဲမှုကို ၂၂ ရက်ကြာ ရပ်ဆိုင်းလိုက်ပြီးနောက် ပြန်စတင်နေပြီဖြစ်သည်။

မေတ္တာရပ်ခံ

အိုင်ဒလစ်ပြည်နယ်ထဲ၌ ကုလသမဂ္ဂက အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသည့် အဖွဲ့များနှင့်အတူ တိုက်ခိုက်ရေးသမား ၁၀၀၀၀ ခန့် ရှိနေနိုင်သည်ဟု ဒီမစ်စတူရာက ပြောကြားခဲ့သည်။ သို့သော် အိုင်ဒလစ်ထဲတွင် ကလေးတစ်သန်း အပါအဝင် အကြမ်းဖက်သမား မဟုတ်သော အရပ်သား ၂ ဒသမ ၉ သန်းခန့် ရှိနေသေးသည်ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။ “အိုင်ဒလစ်ထဲမှာရှိတဲ့ ကလေးဦးရေဟာ အကြမ်းဖက်သမားဦးရေထက် အများကြီး ပိုပါတယ်။ ဆင်ဆင်ခြင်ခြင် လုပ်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့၏ အကြီးအကဲ ယန်အီဂျလန်က ပြောကြားသွားခဲ့သည်။

Ref: AFP

Most Read

Most Recent