ပါကစ္စတန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် စတင်

ပါကစ္စတန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် စတင်
Published 6 September 2018

သြဂုတ် ၁၆ ရက်တွင် ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာန၌ မိုက်ပွန်ပီယိုက စကားပြောနေစဉ် (Photo: AP)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ပါကစ္စတန်ဝန်ကြီးချုပ်သစ်အီ မရန်ခန်းနှင့် တွေ့ဆုံရန်အတွက် စက်တင်ဘာ ၅ ရက်က အစ္စလာမ္မာဘတ်သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့်လများ အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည့်အတွက် ပွန်ပီယိုက ပါကစ္စတန်နှင့် ဆက်ဆံရေးကို ပြန်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်ရေးအတွက် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ပါကစ္စတန်သို့ စစ်ရေးအကူအညီ ဒေါ်လာသန်း ၃၀၀ ပေးရန် အစီအစဉ်များကို ပယ်ဖျက်ရန် အတည်ပြုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပွန်ပီယို၏ ယခုကဲ့သို့ ပြေရာပြေကြောင်း မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စီအိုင်အေ ဒါရိုက်တာဟောင်းဖြစ်သော ပွန်ပီယိုသည် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေဖြင့် ထိန်းသိမ်းရခက်သော မဟာမိတ်နိုင်ငံ ပါကစ္စတန်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ပါကစ္စတန်ကိုပဲ အရင်ဆုံး သွားကြတာပေါ့။ ခေါင်းဆောင်အသစ်လည်း ရှိနေတယ်။ သူ့လက်ထက်ကစပြီး နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ပြန်ဆက်ဖို့လည်း လုပ်ဆောင်လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကိစ္စအများစုဟာ ဒီဝန်ကြီးချုပ်
မတက်ခင်က ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ စာမျက်နှာသစ်ကိုဖွင့်ပြီး တိုးတက်မှုတွေ စတင်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပွန်ပီယိုက ဆိုသည်။ အီမရန်ခန်းကလည်း အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းမည်ဟု ပြောကြားထားသူဖြစ်သည်။ ပွန်ပီယိုသည် ခန်းနှင့် စကားပြောခဲ့ပြီးနောက် အာဖဂန်၌ ငြိမ်းချမ်းရေး ရရှိခြင်းသည် နှစ်နိုင်ငံစလုံး၏ တူညီသော ရည်မှန်းချက်ဖြစ်ကြောင်းကို သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလကလည်း အမေရိကန်သည် ပါကစ္စတန်သို့ပေးရန် အကူအညီများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သေးသည်။ ထို ရပ်ဆိုင်းလိုက်သည့် အကူအညီများမှာ ပိုမိုကျယ်ပြန့်သည်။ ယင်းတို့ထဲမှ အချို့တစ်ဝက်ကို သင့်တော်သည့် အခြေအနေအောက်တွင် ပြန်လည်အသက်သွင်းနိုင်သည့်အကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ပွန်ပီယိုသည် ယခုခရီးစဉ်အတွင်း ပါကစ္စတန်၏ သြဇာကြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက် ဘာဂျဝါ၊ နိုင်ငံခြားရေးဝန်ကြီး မာမွန်ကွေရီရှီတို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသေးသည်။

ပွန်ပီယို၏ ယခုပြောစကားများသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သော မွတ်စလင်နိုင်ငံ ပါကစ္စတန်နှင့် ဝန်ကြီးချုပ်အသစ်အပေါ် အမေရိကန်၏ လေသံပြောင်းသွားခြင်းအား ကိုယ်စားပြုနေသည်။

အီမရန်ခန်းက အနိုင်ရခဲ့သော ရွေးကောက်ပွဲတွင် အပြစ်အနာအဆာများ ရှိခဲ့သည်ကို သိရှိကြောင်း အမေရိကန်က ဆိုသည်။ သို့သော် မည်သို့ပင်ဖြစ်စေ အစိုးရသစ်နှင့် လက်တွဲအလုပ်လုပ်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။

ပွန်ပီယိုသည် ပါကစ္စတန်ခရီးစဉ်ပြီးလျှင် အိန္ဒိယသို့ ခရီးဆက်မည်ဖြစ်သည်။ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးမည့် ပွန်ပီယို၏ အိန္ဒိယခရီးစဉ်တွင် ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်ပါ လိုက်ပါမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent