ပါကစ္စတန်သို့ ဒေါ်လာ သန်း ၃၀၀ အကူအညီပေးရန် အစီအစဉ်ကို ပင်တဂွန်က ပယ်ဖျက်

ပါကစ္စတန်သို့ ဒေါ်လာ သန်း ၃၀၀ အကူအညီပေးရန် အစီအစဉ်ကို ပင်တဂွန်က ပယ်ဖျက်
Published 3 September 2018

အမေရိကန်၏ အကူအညီများ ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်က လာဟိုးမြို့၌ ပါကစ္စတန်များ ဆန့်ကျင်ဆန္ဒပြနေကြစဉ် (Photo - AFP)

ဒေသတွင်းမှ အမေရိကန်၏ မဟာဗျူဟာကို ပံ့ပိုးရန် ပါကစ္စတန်က ပြတ်ပြတ်သား သားလုပ်ဆောင်မှုမရှိသောကြောင့် အမေရိကန်စစ်တပ်က ပါကစ္စတန်သို့ အကူအညီ ဒေါ်လာ သန်း ၃၀၀ ပေးရေးကို ဖျက်သိမ်းလိုက်ရန် စီစဉ်နေသည်ဟု ပင်တဂွန်က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ပါကစ္စတန်အစိုးရကို ၎င်းတို့နိုင်ငံထဲမှ စစ်သွေးကြွတို့ခိုလှုံရာနေရာများအား နှိမ်နင်းရန် တိုက်တွန်းလျက်ရှိပြီး ယခုနှစ်စပိုင်းကလည်း အကူအညီပေးမှုတစ်ခုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ သက်ဆိုင်ရာအရာရှိတစ်ဦး၏ ပြောကြားချက်အရ ယင်းသည် ဒေါ်လာ နှစ်ဘီလျံနီးပါး တန်ဖိုးရှိလိမ့်မည်ဟု သိရသည်။

အမေရိကန်၏ တောင်အာရှဆိုင်ရာ မဟာဗျူဟာကို ပံ့ပိုးရန် ပါကစ္စတန်က ပြတ်ပြတ်သားသား လုပ်ဆောင်မှုမရှိသဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက အကူအညီ ဒေါ်လာသန်း ၃၀၀ ကို ဖြတ်တောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး ကွန်းဖော်ကနာက ဆိုသည်။ “အကြမ်းဖက်အုပ်စု အားလုံးကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားစေဖို့ အတွက်လည်း ပါကစ္စတန်ကို ကျွန်တော်တို့ဆက်ပြီး ဖိအားပေးသွားမှာပါ” ဟု ဖော်ကနာက ပြောကြားခဲ့သည်။ ပါကစ္စတန်ကို အကူအညီ ဖြတ်တောက်ရန် အစီအစဉ်သည် လွှတ်တော်၏ အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေကြောင်း သိရသည်။ လာမည့် ရက်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရန်ခန်းနှင့် တွေ့ဆုံရန် အစ္စလာမ္မာဘတ်သို့သွားရန် စီစဉ်ထားသည်။

ပါကစ္စတန်စစ်ဘက် အဖွဲ့အစည်းများသည် အာဖဂန်တွင် အိန္ဒိယ၏ လွှမ်းမိုးမှု မြင့်တက်လာခြင်းကို ရင်ဆိုင်ရန်နှင့် မူဝါဒပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် တာလီဘန်များကို လက်နက်နှင့် ငွေကြေးများ ပံ့ပိုးနေသည်ဟု အမေရိကန်တို့က ယုံကြည်နေသည်။

အမေရိကန်လွှမ်းမိုးမှု လျော့ကျ

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်သစ် အီမရန်ခန်း တက်လာပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာပင် ယခုကြေညာချက်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန် ဦးဆောင်သော အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ငန်းစဉ်တွင် ပါကစ္စတန်ပါဝင်နေခြင်းအပေါ်ခန်းသည် ထပ်တလဲ အပြစ်တင်နေခဲ့သူဖြစ်ပြီး အမေရိကန်နှင့် ပါကစ္စတန်၏ ဆက်ဆံရေးကို ပြန်လည်ချိန်ညှိမည်ဟု ကတိပြုထားသည်။ ထို့ပြင် ခန်းသည် စစ်သွေးကြွအုပ်စုများနှင့် ဆွေးနွေးပွဲ ကျင်းပရန်လိုလားကြောင်း ပြသခဲ့ပြီး ရွေးကောက်ပွဲအတွင်းက ဘာသာရေးသဘော ထားတင်းမာသူများ၏ ပံ့ပိုးမှုကို ရရှိခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် ခန်းအား ‘တာလီဘန်ခန်း’ ဟု ခေါ်ဆိုနေကြသည်။

အချို့သော လေ့လာသူများကမူ ပါကစ္စတန်အစိုးရကို ဖိအားပေးခြင်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ကြောင်း၊ အကူအညီများ လျှော့ချလိုက်သည့်အတွက် ပါကစ္စတန်အပေါ် အမေရိကန်၏ အရေးပါသော လွှမ်းမိုးမှုများ လျော့ကျသွားနိုင်ကြောင်း၊ ယင်းနေရာတွင် ပါကစ္စတန်၏ကာလရှည် မဟာမိတ်တရုတ်က နေရာဝင်ယူလာနိုင်ကြောင်း သတိပေးနေကြသည်။

အမေရိကန်အနေနှင့်လည်း ပါကစ္စတန်နှင့် ဆက်ဆံရေးကို လုံးလုံးစွန့်လွှတ်လိုက်ရန် မလိုလားပေ။ အာဖဂန်နစ္စတန်ထဲတွင် အမေရိကန်စစ်တပ်၏ တည်ရှိမှုသည် သေးငယ်လာပြီဖြစ်သော်လည်း အမေရိကန်သည် ပါကစ္စတန်၏ ဝေဟင်နှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို အသုံးပြုရန် လိုအပ်နေသေးသည်။ ပါကစ္စတန်သည် တာလီဘန်များ အပေါ်လွှမ်းမိုးမှုအရှိဆုံးဟုလည်း ယူဆရသည်။ ပါကစ္စတန်တွင်မူ အမေရိကန် ဆန့်ကျင်ရေးစိတ်ဓာတ်များမှာ မြင့်မားလျက်ရှိသည်။ ထရန့်၏ရန်လိုသော စကားများကလည်း ပါကစ္စတန်အစိုးရအရာရှိများကို ဒေါသထွက်စေသည်။

ပါကစ္စတန်အစိုးရသည် ပြည်တွင်းမှ စစ်သွေးကြွအဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းလျက်ရှိပြီး ၎င်းင်းတို့နိုင်ငံထဲမှ ရှည်ကြာလှသည့် အစွန်းရောက်ဆန့်ကျင်ရေး စစ်ပွဲအတွင်း ဒေါ်လာဘီလျံများစွာ သုံးစွဲခဲ့ပြီးဖြစ်ကာ လူအသတ်ပေါင်းထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ အစွန်းရောက်မှုကို တိုက်ဖျက်ရန် ထိုသို့ ကြီးကြီးမားမား ပေးဆပ်ထားရခြင်းကို သမ္မတဒေါ်နယ်ထရန့်က မသိကျိုးကျွန်ပြုထားသည်ဟုလည်း ပါကစ္စတန်အစိုးရက စွပ်စွဲနေသည်။

Ref ; AFP

Most Read

Most Recent