မိုးမျှော်အဆောက်အအုံ စီမံကိန်းများကြောင့် ပါရီတွင် မြေယာအငြင်းပွားမှု ဖြစ်ပွား

မိုးမျှော်အဆောက်အအုံ စီမံကိန်းများကြောင့် ပါရီတွင် မြေယာအငြင်းပွားမှု ဖြစ်ပွား
Published 2 September 2018

၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ပါရီ၌ နှစ်စဉ်ကျင်းပနေကျ အမျိုးသားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် နေကြစဉ် (Photo : AFP)

ဥရောပအနောက်ပိုင်းတွင် အမြင့်ဆုံး မိုးမျှော်တိုက်များ တည်ဆောက်ရန်အတွက် ဖြိုချခံရမည့် ပြင်သစ်မြို့တော် ပါရီအနီးရှိ တိုက်ခန်းများတွင် နေထိုင်သူများအဖွဲ့ တစ်ဖွဲ့သည် ၎င်းတို့၏နေအိမ်များအား ထိန်းသိမ်းနိုင်ရန် အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေအိမ်များမှ ဖယ်ပေးရန် ငြင်းဆန်နေကြသည်။

La Defense စီးပွားရေးခရိုင်တွင် ရုရှားအိမ်ခြံမြေကုမ္ပဏီက အဆိုပြုထားသည့် မီတာ ၃၂၀ (ပေ ၁၀၅၀) အမြင့်ရှိသော Hermitage မျှော်စင်နှစ်ခုသည် ပါရီက အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်လျက် ၂၀၂၄ ခုနှစ် မတိုင်မီ ပြီးစီးရန် ရည်မှန်းထားသည်။ ဗြိတိန်ဗိသုကာပညာရှင် နော်မန်ဖော်စတာက ဒီဇိုင်းဆွဲပေးခဲ့သော ထိုမျှော်စင် အဆောက်အအုံများသည် အောက်ခြေမှ ထိပ်စွန်းအထိ ၃၂၄ မီတာအမြင့်ရှိ အီဖယ်မျှော်စင်ထက် လေးမီတာသာ ပိုနိမ့်ကြောင်း သိရသည်။

သို့သော် ထိုနေရာတွင် ၁၉၇၄ ခုနှစ်၌ တည်ဆောက်ခဲ့သော Damiers အိမ်ရာမှ တိုက်ခန်း ၂၅၀ အနက် ၁၂ ခုသည် နေထိုင်နေဆဲဖြစ်ကြောင်း မြေပိုင်ရှင်က ပြောကြားခဲ့ပြီး ရုရှားအိမ်ခြံမြေလုပ်ငန်းရှင် Emin Iskendervo ၏ ယူရို ၂ ဒသမ ၈ ဘီလျံတန်ဖိုးရှိ ထိုမျှော်စင်စီမံကိန်း အကောင်အထည်ဖော်မှုတွင် ဘက်ပြိုင်မှုများ ဖြစ်ပွားနေသည်။

“ကျွန်မက နိုင်ငံရေးဒုက္ခသည် တစ်ဦးပါ” ဟု ဖယ်ပေးရန် ငြင်းဆန်နေသူ တစ်ဦးဖြစ်သော မေ့ဆေးဆရာဝန် တာတီယာနာဒင်းနျူလက်စကူက ပြောကြားခဲ့သည်။ ၎င်းတို့သည် ရိုမေးနီးယားတွင် အာဏာရှင် အစိုးရဟောင်း အုပ်ချုပ်မှုမှ ထွက်ပြေးလာခဲ့ရပြီး နေအိမ်သစ်တစ်လုံး တည်ဆောက်ရန် အချိန်ယူခဲ့ရကြောင်း၊ ယခုအခါ ထိုကဲ့သို့ ဖယ်ရှားပစ်ရန် ကြိုးပမ်းမှုကို လက်သင့်မခံနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၎င်းသည် Damier တိုက်ခန်းတွင် နေထိုင်လာသည်မှာ အနှစ် ၂၀ ကျော်လာပြီဖြစ်သည်။

ပြင်သစ်ဘဏ္ဍာရေးလုပ်ငန်း၏ အချက်အချာဖြစ်သော Defense ဒေသတွင် ရုံးခန်းများနှင့် လူနေအိမ်ရာများအား တိုးချဲ့ရန် ကြိုးပမ်းနေစဉ် Hermitage မျှော်စင်များ တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ထိုအချင်းများမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်က ထွက်ခွာခဲ့ပြီးနောက် လန်ဒန်မှ ဘဏ်လုပ်ငန်းများအား ဆွဲဆောင်နိုင်ရန် ပြင်သစ်က စိတ်အားထက်သန်နေစဉ် လော်ဘီအဖွဲ့ Paris Europlace က ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း အလုပ်အကိုင်  ၃၅၀၀ ခန့်သည် ရေလက်ကြားကို ဖြတ်ကျော်၍ ပြင်သစ်သို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ပါရီအနောက်ပိုင်းရှိ Defense ဒေသသည် အထပ်မြင့် ဆောက်အအုံများအတွက် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားပြီး သမိုင်းဝင်နေရာ အချက်အချာ၌ နေရာအလွန်အမင်း ရှားပါးနေသည့် မြို့တော်၌ အထပ်မြင့် အဆောက်အအုံများ အဓိက တည်ရှိနေသည့် နေရာဖြစ်သည်။  ထိုစီးပွားရေးခရိုင်တွင် ထပ်မံဖော်ဆောင်မည့် စီမံကိန်းများ၌ ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ ရုံးချုပ်သစ်အတွက် ၂၄၄ မီတာ အမြင့်ရှိသည့် The Link စီမံကိန်းအပြင် French ဆောက်လုပ်ရေးလုပ်ငန်းက အခြေစိုက်မည့် ၁၆၅ မီတာမြင့်သည့် Saint-Gobain မျှော်စင်စီမံကိန်းများလည်း ပါဝင်သည်။

၂၀၅၀ ပြည့်နှစ်မတိုင်မီ ခန့်မှန်းခြေ လူဦးရေ ၁၃ ဒသမ ၅ သန်းအထိ တိုးပွားလာနိုင်သည့် ပါရီဒေသတွင် နေစရာများ ဖန်တီးပေးနိုင်ရန် မြို့တော်၏ အမှတ်-၁၂ ဒေသဆိုင် ရာခရိုင်၌ အထပ်မြင့် တိုက်ခန်းများ ပါဝင်သော အိမ်ရာခြောက်ခု အပါအဝင် အခြားဆောက်လုပ်ရေး စီမံကိန်းများကို ဖော်ဆောင်ရန်လည်း စီစဉ်ထားကြောင်း စာရင်းအင်းကောက်ယူသည့် Insee အတွက် လုပ်ဆောင်သည့် ပြင်သစ်အမျိုးသား အင်စတီကျု့က ထုတ်ပြန်ခဲ့သည်။

ရာဇဝတ်သားတွေလို ဆက်ဆံခံရတယ်

အနာဂတ် Hermitage မျှော်စင် စီမံကိန်းနေရာတွင် ဆက်ရှိနေသော ထိုနေထိုင်သူများသည် လက်ရှိ လူမှုဖူလုံရေး အိမ်ရာ၏ ပိုင်ရှင် Logis Transports ကို ၂၀၀၇ ခုနှစ် နောက်ပိုင်းကတည်းက ယှဉ်ပြိုင်လာခဲ့သော်လည်း ယခုအခါ ဖိအားများ တိုးမြှင့်ကြုံလာရသည်။ သြဂုတ် ၁ ရက် နံနက် ၆ နာရီခွဲတွင် ရဲများနှင့် ဘိလစ်စာရေးများက နေအိမ်တံခါးကို လာခေါက်ခဲ့ပြီးနောက်  အခြားပြောင်းနေစရာ မရှိသေးသော မိသားစု လေးစုသည် ၎င်းတို့၏နေအိမ်များမှ ချက်ချင်းထွက်ပေးခဲ့ရသည်။

“သူတို့တွေက ကျွန်မတို့ကို ရာဇဝတ်သားတွေလို ဆက်ဆံခဲ့ကြတယ်” ဟု အမည်မဖော်လိုသော ဖယ်ရှားခံခဲ့ရသူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းတို့၏ နေအိမ်များမှ ဖယ်ပေးရန် ၁၀ နှစ်ကြာ အာခံလာခဲ့သော အဆိုပါ အမျိုးသမီးသည် အခြားရွှေ့ပြောင်းရန်နေရာကို ငြင်းဆန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်အရွယ်ရှိ ၎င်း၏သားဖြစ်သူနှင့်အတူ နေအိမ်မှ ချက်ချင်းဆင်းပေးခဲ့ရသည်။

သို့သော် Logis Transports မှ ခေါင်းဆောင် Sylvie Vandenberghe က ၎င်းတို့ကုမ္ပဏီ၏ လုပ်ရပ်များအား ကာကွယ်ပြောကြားခဲ့ပြီး ထိုနေထိုင်သူများထံ ဖြေရှင်းရန် နည်းလမ်းအများအပြား ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ Damiers တိုက်ခန်းများအား ရောင်းချလိုက်ပါက လူမှုဖူလုံရေး နေအိမ် ၁၀၀၀ နှင့် ဒေသတွင်း၌ နေအိမ် ၅၀၀ ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားဆောက်လုပ်ရေး လုပ်ငန်းရှင် Iskenderov က ထိုစီမံကိန်း စတင်နိုင်မည့်အချိန်ကို မကြာမီ သတ်မှတ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုစီမံကိန်းအား ၂၀၂၄ ခုနှစ် အစောပိုင်းအမီ ပြီးစီးနိုင်ရန် မျှော်မှန်းထားဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Hermitage မျှော်စင်များသည် စိန်းမြစ်အစွန်းတွင် သေးငယ်သော အဆောက်အအုံသစ် လေးလုံးအနီး တည်ရှိနေမည်ဖြစ်သည်။

Ref : AFP

Most Read

Most Recent