တရုတ်၏ တံတားစီမံကိန်းသစ်ကြောင့် မော်လ်ဒိုက်၏ ကြွေးမြီအကျပ်အတည်း ပိုမိုနက်ရှိုင်းစေခဲ့ဟု အတိုက်အခံတို့ ဝေဖန်

တရုတ်၏ တံတားစီမံကိန်းသစ်ကြောင့် မော်လ်ဒိုက်၏ ကြွေးမြီအကျပ်အတည်း ပိုမိုနက်ရှိုင်းစေခဲ့ဟု အတိုက်အခံတို့ ဝေဖန်
Published 3 September 2018

သြဂုတ် ၃၀ ရက်တွင် မော်လ်ဒိုက်ရှိ တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား ဝေဟင်မှ ရိုက်ကူးထားစဉ် (Photo : Xinhwa)

မော်လ်ဒိုက် အတိုက်အခံပါတီ MDP က သမ္မတ အဗ္ဗဒူလာယာမင်သည် တရုတ်၏ တံတားစီမံကိန်းသစ်ဖြင့် နိုင်ငံကို ကြွေးမြီအကျပ်အတည်းအတွင်း ပို၍နက်ရှိုင်းစွာ ကျဆင်းစေခဲ့ကြောင်း သြဂုတ် ၃၁ ရက်တွင် ဝေဖန်ခဲ့သည်။ စက်တင်ဘာ ၂၃ ရက် ရွေးကောက်ပွဲမတိုင်မီ ဖွင့်လှစ်ခဲ့သော ထိုတံတား စီမံကိန်းသစ်သည် လူဦးရေ ၃၄၀၀၀၀ သာရှိသော ဆွန်နီမွတ်စလင်နိုင်ငံအတွက် ခေတ်သစ်အာရုဏ်ဦးဖြစ်ကြောင်း တံတားဖွင့်ပွဲတွင် သမ္မတယာမင်က ပြောကြားခဲ့သည်။ ဒေါ်လာသန်း ၂၀၀ ကျော်ကုန်ကျသော ယင်းစီမံကိန်းကို သြဂုတ် ၃၀ ရက်ညတွင် တရုတ်မီးရှူးမီးပန်းများဖြင့် အလှဆင် ဖွင့်လှစ်ခဲ့သည်။

၁.၄ ကီလိုမီတာ (ဝ.၉ မိုင်) ရှည်လျားသော သုံးလမ်းသွားတံတားသည် ယာဉ်ကြောကျပ်တည်းနေသော မြို့တော် မာလီမှ လေဆိပ်ကို ချိတ်ဆက်ပေးထားသည်။ ယင်းတံတားသည် ယာမင်၏ ခြစားမှုအတွက် အမှတ်သင်္ကေတ တစ်ခုဖြစ်ကြောင်း အတိုက်အခံ MDP ပါတီက ပြောကြားခဲ့သည်။

အစိုးရကမူ ခြစားမှုစွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။ မော်လ်ဒိုက်၏ ပြည်ပကြွေးမြီသည် ၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ၏ ၄၂. ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၃၈.၂၉ ရှိခဲ့ သော ၂၀၁၇ ခုနှစ်ကထက် မြင့်တက်လာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောကြားထားသည်။

၂၀၁၃ ခုနှစ်က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် တံတားစီမံကိန်းကို ယာမင်က ကတိပြုခဲ့ပြီး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးသည် အဓိက လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင်ပင်း မော်လ်ဒိုက်သို့ ရောက်ရှိခဲ့ချိန်တွင် စီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်၏ ဒေါ်လာ ၁ ထရီလျံ ရင်းနှီးမြှုပ်နှံမှုရှိသော ပတ်လမ်းရပ်ဝန်းစီမံကိန်းကို မော်လ်ဒိုက်က ထောက်ခံမည်ဟု ကတိပြုထားခဲ့သည်။

တရုတ်နိုင်ငံပိုင်ဘဏ် EXIM မှ ချေးငွေများနှင့် အစိုးရချေးငွေတို့ဖြင့် တံတားစီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မော်လ်ဒိုက်အိမ်ရာရေးရာဝန်ကြီး မိုဟာမက်မူအစ်က မေလတွင် ပြောကြားခဲ့သည်။

မိုင် ၅၀၀ ကျော်ထိ ကျယ်ပြန့်သော သန္တာကျွန်းစု ၁၁၉၂ ခုဖြင့် ဖွဲ့စည်းတည်ရှိသော မော်လ်ဒိုက်သည် အရှေ့အနောက် ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွင် မဟာဗျူဟာကျကျ တည်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် သမ္မတယာမင်က ၄၅ ရက်ကြာ အရေးပေါ် အခြေအနေ ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းတွင် ဇိမ်ခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော မော်လ်ဒိုက်သည် ထိရှလွယ်သော အခြေအနေ၌ ရှိနေခဲ့သည်။ နိုင်ငံ၏ ပထမဆုံး ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ခံသမ္မတ မိုဟာမက်နာရှစ်သည် ၂၀၁၃ ရွေးကောက်ပွဲတွင် အငြင်းပွား အခြေအနေများ၌ ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲ ပထမအကျော့တွင် နာရှစ်က ဦးဆောင်နေခဲ့ပြီးနောက် တရားရုံးချုပ်က ယင်းရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ယာမင်က ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ နာရှစ်သည် လာမည့်စက်တင်ဘာ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည်။

Ref : AFP

Most Read

Most Recent