ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီအတွက် ရန်ပုံငွေထောက်ပံ့ပေးမှုကို အမေရိကန်က ရပ်ဆိုင်း

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီအတွက် ရန်ပုံငွေထောက်ပံ့ပေးမှုကို အမေရိကန်က ရပ်ဆိုင်း
Published 2 September 2018

သြဂုတ် ၃၁ ရက်က အစ္စရေးနှင့် ထိစပ်နေသော နယ်စပ်အနီး၌ ပါလက်စတိုင်းတို့၏ ဆန္ဒပြပွဲဖြစ်ပွားနေစဉ် (Photo: AFP)

ကုလသမဂ္ဂ၏ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNRWA အတွက် ရန်ပုံငွေထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်က သြဂုတ် ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

UNRWA ၏ အကြီးဆုံး အလှူရှင်ဖြစ်သည့် အမေရိကန်က အလွန်အမင်း အချိုးအစား မမျှသော ဝန်ထုပ်ဝန်ပိုးဝေစုကို တာဝန်ယူရန် လုံးဝဆန္ဒမရှိတော့ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert က ပြောကြားခဲ့သည်။

ဇန်နဝါရီတွင် ပေးခဲ့သည့် ဒေါ်လာသန်း ၆၀ ကို ကျော်လွန်ပြီး နောက်ထပ်ငွေကြေး ထောက်ပံ့မှုရှိမည်မဟုတ်ဟု Nauert က ပြောကြားခဲ့မှုကို ပါလက်စတိုင်းနှင့် UNRWA တို့က ပြစ်တင်ဝေဖန်ခဲ့သည်။

“ဒီ အဖတ်ဆယ်မရအောင် ချွတ်ယွင်းချက်ရှိတဲ့ လုပ်ငန်းစဉ်အတွက် အမေရိကန်က နောက်ထပ်ရန်ပုံငွေ ပံ့ပိုးပေးမှာမဟုတ်ဘူး” ဟု Nauert က ပြောကြားခဲ့သည်။

အမေရိကန်က ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသည့် အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သတိပေးမှုများလည်း ရှိခဲ့သည်။ UNRWA ၏ ပြီးခဲ့သည့် နှစ် ဘတ်ဂျက်တွင် အမေရိကန်က ဒေါ်လာ သန်း ၃၅၀ ထည့်ဝင်ခဲ့သည်။

“အမေရိကန်ရဲ့ အလုံးစုံ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ကန့်ကွက်တယ်။ ရှုတ်ချတယ်” ဟု ပါလက်စတိုင်းစေ့စပ်ဆွေးနွေးရေး ဥက္ကဋ္ဌ Saeb Erekat က ပြောကြားခဲ့ပြီး  ယင်း ဆုံးဖြတ်ချက်ကို ပယ်ချရန်နှင့် UNRWA ထောက်ပံ့ပေးမှုများကို တတ်နိုင်သလောက် ပံ့ပိုးပေးရန် နိုင်ငံအားလုံးကို တောင်းဆိုခဲ့သည်။

UNRWA ကလည်း အမေရိကန်၏ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး Nauert ၏ အေဂျင်စီအပေါ် ရည်ညွှန်းချက်အား ပယ်ချခဲ့သည်။

“UNRWA ရဲ့ စာသင်ကျောင်းတွေ၊ ကျန်းမာရေးစင်တာတွေနဲ့ အရေးပေါ်ကူညီ ထောက်ပံ့မှုအစီအစဉ်တွေဟာ အဖတ်ဆယ်မရအောင် ချွတ်ယွင်းမှုရှိတယ်ဆိုတဲ့ ဝေဖန်ချက်ကို ပြင်းပြင်းထန်ထန်ပယ်ချပါတယ်” ဟု UNRWA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်ဂန်နက်စ်က Twitter တွင် ရေးသားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က UNRWA ကို အပြည့်အ၀ ယုံကြည်သည်ဟု ပြောကြားခဲ့ပြီး ကျန်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာကွာဟချက်ကို ကူညီဖြည့်ဆည်းပေးရန် အခြားနိုင်ငံများကို တောင်းဆိုခဲ့သည်။ သို့မှသာ UNRWA သည် အရေးပါသည့် ကူညီထောက်ပံ့မှုများကို ဆက်လက် လုပ်ဆောင်နိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအေဂျင်စီသည် မှတ်ပုံတင်ထားသည့် ပါလက်စတိုင်းဒုက္ခသည် ငါးသန်းခန့်ကို ထောက်ပံ့ပေးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်များအပြင် လက်ဘနွန်၊ ဆီးရီးယားနှင့် ဂျော်ဒန်ရှိ စခန်းများတွင် ကလေး ၅၂၆,၀၀၀ အတွက် စာသင်ကျောင်းများ ပံ့ပိုးပေးခဲ့သည်။

UNRWA အတွက် ရန်ပုံငွေထောက်ပံ့ပေးမှု ရပ်ဆိုင်းမည့်အမေရိကန်၏ဆုံးဖြတ်ချက်ကို အစ္စရေးက စက်တင်ဘာ ၁ ရက်တွင် ကြိုဆိုခဲ့သည်။ ယင်းအဖွဲ့အစည်းသည် အရှေ့အလယ်ပိုင်း ပဋိပက္ခဆက်လက် တည်တံ့ စေရန် ထောက်ပံ့ပေးခဲ့သည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။

အမေရိကန်သည် ဂါဇာနှင့် ဝက်စ်ဘင့်ရှိ ပါလက်စတိုင်းများကို နှစ်ဦးနှစ်ဖက်ပါသည့် အကူအညီအဖြစ် ဒေါ်လာသန်း ၂၀၀ ကျော် ကူညီရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်းလည်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent