ကားအင်ဂျင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ဆက်စပ်၍ BMW ရုံးကို တောင်ကိုရီးယားရဲက ဝင်ရောက်စီးနင်း

ကားအင်ဂျင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ဆက်စပ်၍ BMW ရုံးကို တောင်ကိုရီးယားရဲက ဝင်ရောက်စီးနင်း
Published 31 August 2018

သြဂုတ် ၁၄ ရက်တွင် ဆိုးလ်၌ BMW ဆားဗစ်စင်တာတစ်ခုအနီး BMW ကားများအား တွေ့ရစဉ် (Photo: AP)

ကားအင်ဂျင် ဒါဇင်ပေါင်းများစွာ မီးလောင်ကျွမ်းမှုများနှင့် ဆက်စပ်လျက် သြဂုတ် ၃၀ ရက်တွင် တောင်ကိုရီးယားရဲက ဂျာမန်ကားလုပ်ငန်း BMW ၏ ဆိုးလ်ရုံးချုပ်ကို စီးနင်းခဲ့သည်။ မော်တော်ယာဉ် ချို့ယွင်းချက်များကို ကုမ္ပဏီက ဖုံးကွယ်ထားခြင်း ရှိ၊ မရှိ အရာရှိများကို စုံစမ်းစစ်ဆေးနေပြီး စာရွက်စာတမ်းများနှင့် အခြားသောပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း ဆိုးလ်မြို့ ရဲတပ်ဖွဲ့၏ ဉာဏမှုခင်းဌာနစိတ်မှ အရာရှိက ပြောကြားခဲ့သည်။

နောက်ထပ် အသေးစိတ် အချက်အလက်များကို ၎င်းကပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးသမား ၃၀ ပါသောအဖွဲ့ ပါဝင်ခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ပြောကြားသည်။ “အမှန်တရား ပေါ်လာဖို့ ကျွန်တော်တို့ သေသေချာချာ စုံစမ်းသွားမှာဖြစ်ပါတယ်” ဟု ရဲတစ်ဦး၏ ပြောဆိုချက်ကို ယွန်ဟပ်က ကိုးကားဖော်ပြခဲ့သည်။ BMW ကားများ မီးလောင်မည်စိုးသဖြင့် ကားပါကင်တချို့က အဆိုပါကားများကိုလက်ခံရန် ငြင်းဆန်ခဲ့ခြင်းနှင့်အတူ ယခုနှစ်တွင် လက်ရှိအချိန်အထိ BMW ကား ၄၀ စီးကျော် မီးစွဲလောင်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုစီးနင်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဘေးကင်းရေး စစ်ဆေးချက်များ ပြုလုပ်ရခြင်းမရှိသေးသော BMW ကားများကို ယခုလတွင် လမ်းပေါ်တွင် မောင်းနှင်ခွင့် ယာယီပိတ်ပင်မှုပြုလုပ်ခဲ့ပြီး ၎င်း၏ဒေသတွင်းလုပ်ငန်းခွဲ၊ ၎င်းတို့၏ထိပ်တန်းတာဝန်ရှိသူ ကိုးဦးနှင့် လုပ်ငန်းတို့အား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် BMW ကားပိုင်ရှင်တို့က တိုင်ကြားခဲ့ကြသည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent